လူငယ်မူဝါဒရေးဆွဲရေး ပြည်ထောင်စုဝန်ကြီးအဆင်‌့ အသိပေးဆွေးနွေးပွဲကျင်းပခြင်း

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကျန်းမာရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လူငယ် ကိုယ်စားလှယ်များ၊ မသန်စွမ်းလူငယ်ကိုယ်စားလှယ်များ၊ အမျိုးသမီးလူငယ်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထု အခြေပြု အဖွဲ့အစည်းများနှင်‌့ပူးပေါင်း၍ လူငယ်မူဝါဒရေးဆွဲရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

၂။ လူငယ်မူဝါဒ ရေးဆွဲရေး ပြည်ထောင်စုဝန်ကြီးအဆင်‌့အသိပေးဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့   ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်စကား ‌ပြောကြားဆွေးနွေးရာတွင် ကလေးသူငယ်များ၊ လူငယ်များ၊ မသန်စွမ်းသူများနှင်‌့ သက်ကြီးရွယ်အိုများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း လူငယ်များအနေဖြင့် ကျန်းမာသန်စွမ်းခြင်း၊ ဉာဏ်ရည်ဖ့ွံဖြိုးပြီး တီထွင်ဆန်းသစ်ဖန်တီးနိုင်စွမ်းရှိခြင်း၊ အလုပ်လုပ်နိုင်စွမ်း မြင့်မားခြင်းစသည်တို့နှင့် ပြည့်စုံစေရန်လိုအပ်ပါကြောင်း ထို့အပြင်  လူငယ်တို့၏ ရပိုင်ခွင့်၊ အခွင့်အလမ်းနှင့် အခွင့်အရေးများကို ထုတ်ဖော်ပြနိုင်စေရန် စနစ်ကျသော လူငယ်အဖွဲ့အစည်းများ ပေါ်ပေါက်ရေး အားပေးရမည်ဖြစ်ပါသည်။ ထို့ကြောင့် လူငယ်များ၏ ညီညွတ်မှုအင်အားကို တိုင်းပြည်တိုးတက်ရေးအတွက် အသုံးချနိုင်ရန်  လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံကိန်းတွင် လူငယ်မူဝါဒရေးဆွဲရေးကို ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

၃။ လူငယ်မူဝါဒရေးဆွဲရေးအတွက် အသိပေးဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာမြင်‌့ထွေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကြီး နှင်‌့ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး လူငယ်မူဝါဒရေးဆွဲရေးအစီအစဉ်များ၊ ကော်မတီ ဖွဲ့စည်းခြင်းများ၊ လူငယ်မူဝါဒကို လူငယ်များကိုယ်တိုင် ပါဝင်ရေးဆွဲနိုင်စေမည်‌့ အခွင်‌့အလမ်းများအတွက်  အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။

၄။ မြန်မာနိုင်ငံတွင် လူငယ်မူဝါဒ ရေးဆွဲအကောင်အထည်ဖော်နိုင်ပါက လူငယ်များဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံအဆောက်အအုံကောင်းများနှင်‌့ အထောက်အကူပေးမည်‌့ ပတ်ဝန်းကျင်တစ်ခု ဖြည်‌့ဆည်း ပေးနိုင်မည် ဖြစ်သည့်အပြင် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာမည်ဖြစ်ပါသည်။ လူငယ်မူဝါဒရေးဆွဲရေးအတွက် မူဝါဒစတင်ရေးဆွဲစဉ်ကတည်းကပင် တိုင်းဒေသကြီး/ ပြည်နယ်များမှ လူငယ် ကိုယ်စားလှယ်များ၊ မသန်စွမ်းလူငယ်ကိုယ်စားလှယ်များ၊ အမျိုးသမီး လူငယ်ကိုယ်စားလှယ်များအပါအဝင် လူငယ်လူတန်းစား အလွှာအသီးသီးမှ လူငယ်ကိုယ်စားလှယ်များ ပါဝင်ရေးဆွဲနိုင်ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter