လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂ အဖွဲ့အစည်း၊ ပြည်တွင်း/ပြည်ပ နည်းပညာ ကုမ္ပဏီများမှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ ဇွန်လ(၈) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ၈ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNFPA အဖွဲ့မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms.Janet E.Jackson ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများ ဖ့ွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)အား အကောင်အထည်ဖေါ်မည့် ကိစ္စရပ်များ၊ ကျား/မရေးရာ တန်းတူညီမျှမှုဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့်စပ်လျဉ်းသည့်ကိစ္စနှင့် မြန်မာနိုင်ငံ လူငယ်မူဝါဒ မူကြမ်းရေးဆွဲရေးဆိုင်ရာ ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

      အလားတူ နေ့လည်(၁၅း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား မန္တလေး နည်းပညာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးဇော်နိုင် ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ GIS ( ပထဝီဝင်သတင်း အချက်အလက်စနစ်)၊ Remote Sensing (ကောင်းကင်ဓါတ်ပုံ၊ ဂြိုလ်တုဓါတ်ပုံ) လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ IT & Communication (သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဆိုင်ရာ) လုပ်ငန်းကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

      ဆက်လက်၍နေ့လည်(၁၅း၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား Kyoshin Co.,LtdမှAdvisor ဖြစ်သူ Prof. Mr.Minoru Kiryu ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာတွင် မသန်စွမ်းကလေးများအား ကူညီစောင့်ရှောက်မှု ကိစ္စရပ်များ၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး လုပ်ငန်းရပ်များ၊ သက်ကြီးပြုစုစောင့်ရှောက်သူများအတွက် စွမ်းရည်မြင့်သင်တန်းများ၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာလွှာရေးထိုးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter