လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား Gender Equality Network အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ ဇွန်လ (၂၀) -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ ၂၀ ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Gender Equality Network အဖွဲ့အစည်းမှ ဒေါ်မေစပယ်ဖြူ ဦးဆောင်သည့် ပဲ့ကိုင်ကော်မတီဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်တို့ ၂၀၀၈ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်း ရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သုတေသန ဆောင်ရွက်မှုနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ ကျား၊ မ ရေးရာ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးခြင်းကိစ္စရပ်များနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

FacebookTwitter