ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကနဦးစာရင်းအား KOBO Mobile Application အသုံးပြု၍ ကောက်ယူနိုင်ရန်အတွက် Mobile Application မိတ်ဆက်ခြင်း အခမ်းအနား

နေပြည်တော်၊ ဇူလိုင်လ(၁) ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် ကုလသမဂ္ဂ လူသားချင်းစာနာ ကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA)တို့ ပူးပေါင်း၍ ဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံချက်တွင် ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကနဦးစာရင်းအား KOBO Mobile Application အသုံးပြု၍ ကောက်ယူနိုင်ရန်အတွက် Mobile Application မိတ်ဆက်ခြင်း အခမ်းအနားအား အဆိုပါ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ၁.၇.၂၀၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      KOBO Mobile Application မိတ်ဆက်ခြင်းအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မီဒီယာများအပါအဝင် စုစုပေါင်း(၅၀)ကျော် တက်ရောက်ခဲ့ကြ ပါသည်။

      အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကား ပြောကြားပြီး ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ဌာနေကိုယ်စားလှယ် Mr.Mark Cutts မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

      ထို့နောက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်မိုးသွယ်မှ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကနဦးစာရင်းအား KOBO Mobile Application အသုံးပြု၍ ကောက်ယူနည်းအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြ ခဲ့ပြီးဌာနဆိုင်ရာများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် မီဒီယာများက ၎င်းတို့သိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။

      KOBO Mobile Applicationကို အသုံးပြုခြင်းဖြင့် ဘေးအန္တရာယ်ကျရောက်သည့် ဒေသများတွင် ဘေးသင့်လူဦးရေ (ကျား/မ၊ ကလေးသူငယ်၊ မသန်စွမ်း၊သက်ကြီးရွယ်အို)၊ ကဏ္ဍအလိုက် ပျက်စီးဆုံးရှုံးမှု အရေအတွက် (ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ အဆောက်အအုံ၊ အရေးပေါ်လိုအပ်ချက်၊ စွမ်းအင်၊ လျှပ်စစ်အစရှိသည့်)အချက်အလက်အားလုံးကို Disaster Loss and Damage Entry Form အသုံးပြုကာ မိုဘိုင်းဖုန်း အသုံးပြုသူတိုင်း အလွယ်တကူ ကောက်ယူပေးပို့နိုင်မည့် အကျိုးကျေးဇူး ရရှိမည်ဖြစ်ပါသည်။ KOBO Mobile Application အသုံးပြုနည်း သင်တန်းများကိုလည်း မေလနှင့် ဇွန်လအတွင်း နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ ပုသိမ်၊ ရန်ကုန်၊ မောင်တောနှင့် မော်လမြိုင်မြို့များတွင် ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter