လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊၂၀၁၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား Community and Family Services International(CFSI) မှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ ဇူလိုင်လ (၈) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ၂၀၁၆ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဇူလိုင်လ၈ ရက် နံနက်ပိုင်းတွင် ဝန်ကြီးရုံးစိုက်ပျိုးကွင်း၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင်‌့ ဒုတိယအမြဲတမ်းအတွင်းဝန်တို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြပြီး အရာထမ်းနှင်‌့ အမှုထမ်းများက ရတနာတန်းဝင်အပင်များနှင်‌့ အရိပ်ရလေကာပင်များကို သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးခဲ့ကြပါသည်။

     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ယခင်နှစ်က စိုက်ပျိုးအောင်မြင်ခဲ့သောအပင်များအား လှည့်လည်ကြည်‌့ရှုပြီး ယခုနှစ်စိုက်ပျိုးခဲ့သော အပင်များအား ရာနှုန်းပြည့်ရှင်သန်ဖြစ်ထွန်းစေရေး တာဝန်ယူဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

      အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ခရေ၊ ပိတောက်၊ ကံ့ကော်နှင့် နှစ်ရှည်အရိပ်ရသစ်ပင်များစသည်‌့ ပျိုးပင်စုစုပေါင်း (၄၀၀)ကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။

      ဆက်လက်ပြီး(၁၁း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Community and Family Services International(CFSI) မှ Executive Director ဖြစ်သူ Dr.Steven Muncy ဦးဆောင်သည့်အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ Community and Family Services International(CFSI)အဖွဲ့အစည်းသည် ဖိလစ်ပိုင်နိုင်ငံတွင် အခြေစိုက်ပြီး အာရှဒေသတွင်း နိုင်ငံများရှိ ထိခိုက်လွယ်အုပ်စုဝင် ပြည်သူများအား ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် တိုးချဲ့ကူညီဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေးအတွက် online သင်တန်းများ၊ ကာလတို၊ ကာလရှည်သင်တန်းများအပါအဝင် မဟာဘွဲ့၊ ပါရဂူဘွဲ့သင်တန်းများပါ ပူးပေါင်းဖွင့်လှစ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှုသင်တန်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးသင်တန်းများအတွက် သင်တန်းဆရာများ လေ့ကျင့်ပေးနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

FacebookTwitter