ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်လျက်ရှိသော ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့(Joint Strategy Team(JST)မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၂၉.၅.၂၀၁၇

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (Joint Strategy Team(JST) တာဝန်ရှိသူများအား အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် ယနေ့ ညနေ (၃း၀၀) နာရီတွင် လက်ခံ တွေ့ဆုံခဲ့ပါ သည်။

  ယင်းသို့တွေ့ဆုံရာတွင် Joint Strategy Teamတွင် ပါဝင်သောအဖွဲ့(၅)ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ အနေဖြင့် ၎င်းတို့ ဆောင်ရွက်ခဲ့သည့် ကချင်ပြည်နယ်ရှိ မကြာသေးမီကာလအတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့သည့်ဒေသ၌ ကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်များ လေ့လာဆန်းစစ်မှုအခြေအနေနှင့် နေရပ်ပြန်ရေးနှင့်ပြန်လည် နေရာချထားရေးဆိုင်ရာ ရှေ့ပြေးစီမံချက် အဆိုပြုလွှာတို့ကို တင်ပြခဲ့ပါသည်။ ပူးပေါင်း လုပ်ငန်းစဉ်အဖွဲ့အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲရှောင် ပြည်သူများ၏ လက်ရှိအခြေအနေနှင့် လိုအပ်ချက်များတင်ပြရာတွင် တိုက်ပွဲရှောင်ပြည်သူ များအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်မည့်အစီအစဉ်များ၊ ပြန်လည်နေရာချထားရေး ဆိုင်ရာဆောင်ရွက်မည့်အစီအစဉ်များ၊ ကယ်ဆယ်ရေးစခန်းများရှိ ကျောင်းသားများ ပညာ ဆက်လက်သင်ကြားခွင့်ရရှိရန် ညှိနှိုင်းပေါင်းစပ်ပေးရေး၊ တိုက်ပွဲရှောင်ပြည်သူများအတွက် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ရရှိရေးသက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးရေး၊ လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေးအတွက် နိုင်ငံတော်နှင့် ဒေသခံအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရေးတို့ကို တင်ပြ ခဲ့ပြီး ဝန်ကြီးဌာနဘက်မှလည်း တိုက်ပွဲရှောင်စခန်းများအတွက် လူသားချင်းစာနာကူညီမှု၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးမှု၊ ဥပဒေနှင့်အညီကလေးသူငယ် အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ သက်ကြီးရွယ်အိုအခွင့်အရေး၊ မသန်စွမ်းသူများ အခွင့်အရေး စသည်ဖြင့် ထိခိုက်အားနည်းလွယ်သူများအတွက် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှုတို့ကို ရှင်းလင်းဆွေးနွေးပြီး အဖွဲ့၏တင်ပြချက်များအပေါ် ကူညီဆောင် ရွက်ပေးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter