လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသည် ပြည်သူလူထုအတွက် အကျိုးများစွာ ဖြစ်ပေါ်စေသော ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်သဖြင့် မဖြစ်မနေဆောင်ရွက်ရန်လိုအပ်

 နေပြည်တော်၊ ၂.၆.၂၀၁၇။

အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက် နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ပြည်သူလူထု လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့သော လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများကို အသုံးပြုကာ ဥပဒေပြုမဏ္ဍိုင်ဖြစ်သော လွှတ်တော်က ပြည်သူ့ကိုယ်စားလှယ်များမှတဆင့် ဥပဒေပြဌာန်းခြင်း၊ ရန်ပုံငွေစိစစ်ခြင်းဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၇ခုနှစ်၊ ဇွန်လ (၂)ရက်နေ့တွင် လွှတ်တော်ဝန်းအတွင်းရှိ သဘင်ဆောင်၌ အမျိုးသားအဆင့် လူမှု ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဆင့်မြင့် အရာ ရှိကြီးများထံသို့ ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တက်ရောက်အမှာစကား ပြောကြားရာတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင် လွှတ်တော်၏အခန်းကဏ္ဍဖြစ်သော ဥပဒေပြုရေးနှင့် ရန်ပုံငွေ စိစစ်ခွင့်ပြုခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် ပြည်သူများအတွက် အမှန်တကယ်အကျိုး ဖြစ်ထွန်းစေ မည့် လုပ်ငန်းစဉ်များကို ဥပဒေများရေးဆွဲပြဌာန်းခြင်း၊ ရန်ပုံငွေခွင့်ပြုပေးခြင်းများဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ရေးကို သက်ဆိုင်ရာအစိုးရအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များဖြစ်သော Mr.Micheal Samson နှင့် Mr. Gaspar Fajth တို့က ဖွံဖြိုးဆဲနိုင်ငံများတွင် လူမှုကာကွယ် စောင့်ရှောက်ရေး၏ အရေးပါပုံများကို နိုင်ငံတကာသုတေသနတွေ့ရှိချက်များ၊ အာရှနှင့်ပစိဖိတ်ဒေသများအပေါ် လေ့လာသုံးသပ် ချက် ဥပမာများနှင့် ဆွေးနွေးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများကလည်း မေးခွန်းများမေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိဂုံးချုပ်အမှာစကား‌ြပောကြားရာတွင် လူမှုကာကွယ် စောင်‌့ရှောက်ရေး နည်းလမ်းသည် မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်လျှက်ရှိပြီး ပြောင်းလဲလာသော နိုင်ငံရေး၊ ကြုံတွေ့နေရသော လူမှုရေးအခြေအနေများ၊ စီးပွားရေး အကြပ်အတည်းများကြောင့် သမားရိုး ကျနည်းလမ်းများဖြင့် ‌ြဖေရှင်းရန် မလုံလောက်တော့ဘဲ အစိုးရ ဦးဆောင်သော လူမှုကာကွယ်စောင်‌့ရှောက်ရေး လုပ်ငန်းကို ကျင့်သုံးရန် လိုအပ်လာပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းတွင် လူမှု ကာကွယ်စောင်‌့ရှောက်ရေးလုပ်ငန်းသည် အရေးပါ ထိရောက်သော လုပ်ငန်းတစ်ခုဖြစ်ခြင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးမဟာဗျူဟာပါ လုပ်ငန်းစဉ် (၈)ရပ်ကို အဆင့်ဆင့်အကောင်အထည်ဖော်ရာတွင် တစ်ကမ္ဘာလုံး ကျင့်ထုံးအဆင့်နှင့်အညီ အားလုံးလွှမ်းခြုံမှု (Universality)၊ ဘဝတစ်သက်တာ ချက်းကပ်မှုနည်းလမ်း(Life Cycle Approach)နှင့် ပေါင်းစပ် ဆောင်ရွက်သည့်စနစ် တည်ဆောက်ခြင်း နည်းလမ်း (Integrated System Approach) များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဤကဏ္ဍတွင် ရင်းနှီးမြှပ်နှံခြင်း သည် အနာဂတ်နိုင်ငံတော်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍနဲ့ လူမှုအသိုင်းအဝန်း ဖွံ့ဖြိုး တိုးတက်မှုကဏ္ဍတို့တွင် အကျိုးအမြတ်များစွာ ဖြစ်ထွန်းစေမည့် လုပ်ငန်းဖြစ်ပါ ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အထက်ပါဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌနှင့် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ ကြပါသည်။

 

      

FacebookTwitter