ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရှမ်း(မြောက်)ဒေသရှိ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ဆောင်ရွက်ပေးမှုများရှင်းလင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

<

 

ရှမ်းပြည်နယ်၊ ၂၅-၆-၂၀၁၇

        ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနအစည်းအဝေးခန်းမတွင် ယနေ့ကျင်းပပြုလုပ်သော လားရှိုးမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုင်းရင်းသားဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရရှိလာပြီး ယုံကြည်မှု စိတ်များ ပိုမိုတိုးတက်ဖြစ်ထွန်းလာပါကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူမှုအသိုက် အဝန်းနှင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သော လူ့အသိုင်းအဝိုင်း တစ်ရပ်ဖြစ်ပေါ် လာစေရေးကို ရှေးရှု၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား ပြည်သူများနှင့် နီးစပ်မှုရှိမှသာ လိုအပ်ချက်များကို ဖော်ထုတ်အကောင်အထည်ဖော်ပေးနိုင်မှာ ဖြစ်ကြောင်း၊ လူသားတိုင်း ဒီမိုကရေစီစံနှုန်းနှင့်ညီသော လူ့အခွင့်အရေးကိုရရှိနိုင်ရန် မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများဖြင့် ကြိုးစားဆောင်ရွက်နေပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

        ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက လိုအပ်ချက်များကို အသီးသီးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ညှိနှိုင်း ပေးခဲ့ပြီး လားရှိုးမြို့နယ် လူမှုကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ် ဝယ်ယူရန်အတွက် မတည်ငွေ ကျပ်သိန်း(၃၀)၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် (၂၄)သိန်းနှင့် လတ်တလော ဖြစ်စဉ်များကြောင့် ထိခိုက်ခဲ့သော ဆေးရုံတက်လူနာတစ်ဦး အတွက် ထောက်ပံ့ငွေ ၅သောင်းကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

        နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆင်းရွှေလီ ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး ဘိုးဘွားများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဘိုးဘွားများအတွက် အဝတ်အထည်နှင့်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း(လားရှိုး)သို့ ရောက်ရှိပြီး သင်တန်းသားများနှင့်တွေ့ဆုံခြင်း၊ လူငယ်သင်တန်းကျောင်းမှ ထူးချွန်လူငယ်များနှင့် တွေ့ဆုံခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter