ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံ

 နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက် -

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ယနေ့နံနက် (၉)နာရီတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူကုန်ကူးမှု စောင့်ကြည့်ရေးနှင့်တိုက်ဖျက်ရေးရုံးမှ  H.E. Ms. Susan Coppedge နှင့် အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Scot Marciel လိုက်ပါလျက် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော လူကုန်ကူး ခံရသူများအား ပြန်လည်ခေါ်ယူရေး လုပ်ငန်းများ၊ ယာယီစောင့်ရှောက်ရေး ဌာနများတွင် လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ယူစောင့်ရှောက်မှုများ၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းရေးနှင့် နောက်ဆက်တွဲ စောင့်ရှောက်မှု အစီအစဉ်များကို အစိုးရမဟုတ်သော မိတ်ဘက်နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager)များ (၄၂)မြို့နယ်တွင် ဖြန့်ခွဲထားရှိမှု အခြေအနေများ၊ လူကုန်ကူးခံရသူများ ပြန်လည်ခေါ်ယူရေး၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာ နိုင်ငံအဆင့်လမ်းညွှန်ချက်များ၊ စံလုပ်ငန်း အစီအစဉ်များ၊ လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ လက်စွဲစာအုပ် ထုတ်ဝေပြီးစီးမှု အခြေအနေများ၊ အမေရိကန်နိုင်ငံ၏  အတွေ့အကြုံများ၊ သတင်းအချက်အလက်များ ဖလှယ်ခဲ့ကြပြီး စွမ်းဆောင်ရည် မြှင့်တင်ရေးလ ိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးခဲ့ ကြပါသည်။

          ထို့နောက် နံနက်(၁၀)နာရီအချိန်တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ပြည်တွင်းတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင်သော အဖွဲ့သည်  ပြည်ထောင်စုဝန်ကြီးအား လာရောက်တွေ့ဆုံရာတွင် ၎င်းတို့အသင်းမှ ဆောင်ရွက်နေသည့် အကျဉ်းထောင်မှ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများနှင့် ညှင်းပန်း နှိပ်စက်ခံရသူများအား စိတ်ပိုင်းဆိုင်ရာ အားပေး မြှင့်တင်မှု လုပ်ငန်းများ၊ အကျဉ်းကျခံဆဲ နိုင်ငံရေးအကျဉ်းသားများအတွက် ဥပဒေပိုင်းဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့် စိတ်လူမှု ထောက်ပံ့မှု နှင့်သက်ဆိုင်သော သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

          ဆက်လက်၍ နံနက်(၁၁)နာရီ အချိန်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးေ အဂျင်စီ (JICA) Myanmar အဖွဲ့မှ Mr. Keiichiro NAKAZAWA ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံရာတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ မြန်မာနိုင်ငံတွင် သဘာဝဘေး စီမံခန့်ခွဲ မှုနှင့် ဆက်စပ်သည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချ ထားရေး ဝန်ကြီးဌာနသို့ ဂျပန်နိုင်ငံမှ သဘာဝဘေး စီမံခန့်ခွဲမှု ကျွမ်းကျင်သူ(၁)ဦး စေလွှတ်ရေးကိစ္စ၊ ဂျပန်နိုင်ငံ၏  မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ရန် ကိစ္စနှင့် JICA နှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသော လူကုန်ကူး ခံရသူများ အား အကာအကွယ်ပေးရေး စီမံချက် ဒုတိယအဆင့်တွင် လူကုန်ကူးခံရသူများအား အကူအညီပေးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊ နားမကြား သူများအတွက် လက်သင်္ကေတ အထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter