ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၇ -

          နိုင်ငံတွင်းရှိ ကလေးသူငယ်များ၏ လူမှုရေးဘဝများလုံခြုံရေးကို ထိပါး လာသည့် အခြေအနေများ ဖြစ်ပေါ်လာရသည့်အတွက် သက်ငယ်မုဒိမ်းမှုများ လျော့နည်းသွားစေရေး၊ ဖြစ်ပေါ်လာပါက အလျင်အမြန် သိရှိသတင်းပို့ တိုင်ကြားနိုင်ရေး၊ ထိခိုက်ခံစားရသော ကလေးသူငယ်များ လိုအပ်မည့် အကူအညီများအား အလျင်အမြန် ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရေးတို့ကို ကူညီဆောင်ရွက် ပေးလျက် ရှိကြောင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောကြားသည်။

          ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ  အမျိုးသားကော်မတီ အစည်းအဝေး ၁/၂၀၁၆ကို ယနေ့မွန်းလွဲ ၁နာရီက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ကလေးသူငယ်အားလုံး အတွက် အဓိကအခွင့်အရေး ၄ ရပ်ကို လူ့အဖွဲ့အစည်းအတွင်း ဦးဦးဖျားဖျား ရယူနိုင်ရန် နှင့် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားဖော်ဆောင်ရန် အတွက် ဥပဒေ၊ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ်ဖော်ဆောင်လျက် ရှိပါကြောင်း၊ ဥပဒေအနေဖြင့် ကလေးသူငယ်ဥပဒေ ၁၉၉၃ နှင့် ကလေးသူငယ်နည်းဥပဒေ ၂၀၀၁ များကို ပြဌာန်း ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြောင်းလဲလာသည့် ခေတ်သစ်၊ စနစ်သစ်နှင့်အညီ ဒီမိုကရေ စီစံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်အောင် ဝန်ကြီးဌာနမှ ဦးဆောင်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (မူကြမ်း)ကို ပြန်လည်ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း။

          မကြာမီကာလများက လူမှုမီဒီယာများမှ တဆင့်လည်းကောင်း၊ အခြားသော မီဒီယာများမှ တဆင့်လည်းကောင်း ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်အမြတ်ထုတ်မှု ဆိုင်ရာဖြစ်စဉ်များ၊ သက်ငယ်မုဒိမ်းမှုများအား ကြားသိလာရသဖြင့် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ လူမှုရေးဘဝများ လုံခြုံရေးအတွက် ထိပါးလာသည့် အခြေအနေများ ဖြစ်ပေါ်လာရပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ထိခိုက်ခံစားရသည့် ကလေးသူငယ်များလိုအပ်မည့် အကူအညီများအား အလျင်အမြန် ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရေးတို့ကို ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

          ထိုသို့ လုပ်ဆောင်ရာတွင် Action Plan များရေးဆွဲ၍ အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထု အသိပညာပေးနိုင်ရေးအတွက် လက်ကမ်းစာ စောင်များ၊ လူစည်ကားရာ နေရာများတွင် Billboard များထောင်ခြင်း၊ အင်္ကျီများတွင် သက်ငယ်မုဒိန်းမှုဆိုင်ရာ ရုပ်ပုံများပုံနှိပ်၍ ဖြန့်ဝေခြင်းများကို UNICEF နှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရက်၁၀၀ အလွန်တွင်လည်း ပြည်သူလူထုမှ ပိုမိုယုံကြည် အားကိုးမှု ရှိစေရန်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စီမံချက် (၁၁)ခု အား အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ယင်းစီမံချက် ၁၁ခု အနက် အရွယ်မတိုင်မီ အလုပ် လုပ်ကိုင်နေရသည့် ကလေးများအတွက် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်း ကနဦးစီမံချက်အား စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။

          ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊  လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေ (မူကြမ်း)၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အကောင်အထည်ဖော်မှု ပဉ္စမနှင့် ဆဌမအကြိမ် ပူးတွဲအစီရင်ခံစာ ရေးသား ရေးဆောင်ရွက်မှုအခြေအနေ၊ သက်ငယ်မုဒိန်းမှုနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက် ထားမှုအခြေအနေ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဒေသဆိုင် ရာ စီမံချက် (EVAC)နှင့် ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ၊ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲ မှုအခြေအနေ၊ ရက် ၁၀၀ နှင့် ရက် ၁၀၀ အလွန်ပါ စီမံချက်များအား ရှင်းလင်းတင်ပြ သည်။

          ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် လူမှုရေးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် တက်ရောက်လာသူများက ကော်မတီ၏ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်း စဉ်များ၊ ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒေါက်တာဝင်းမြတ်အေးက ရှင်းလင်းတင်ပြ ချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

FacebookTwitter