Union Enterprise For Humanitarian Assistance Resettlement and Development in Rakhine (UEHRD) စီမံကိန်းနှင့်ပတ်သက်၍ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးကိစ္စရပ်များ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ရန်ကုန်၊ ၂၁-၁၀-၂၀၁၇ ရက်နေ့

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)နှင့် ပတ်သက်၍ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးကိစ္စရပ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် ကဏ္ဍစုံ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥက္ကဌအဖြစ်ဆောင်ရွက်သော UEHRD ကော်မတီကို ဖွဲ့စည်းထားရှိပါကြောင်း၊ လုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပိုမိုစည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင် ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများက မြင်သည့်အမြင်များ သည် မိမိတို့နိုင်ငံအတွက် နစ်နာမှုများရှိပါကြောင်း၊ နိုင်ငံတကာအမြင်နှင့် ဖြစ်ပွားသည့် အဖြစ်အပျက် အရင်းအမြစ်ကို သေသေချာချာသိရှိဖို့ လိုကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ပြီး ထိုကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးရှိ ပြည်သူများပါဝင်သော ပြည်ထောင်စုစီမံကိန်း (HEHRD)ကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ UEHRD တွင် အချက်(၃)ချက်ပါဝင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် ပက်သတ်၍  ပြည်တွင်းအင်အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ပြန်လည်နေရာချ ထားရေးကိုလည်း နိုင်ငံတော်အစိုးရက စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် နောင် ဤကဲ့သို့ ပဋိပက္ခများမဖြစ်ပွားစေရေး၊ ဥပဒေနှင့်အညီ နည်းလမ်းမှန်ကန်စွာဖြင့် နိုင်ငံတော်အစိုးရက စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဤ လုပ်ငန်းစဉ်များတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ လူမှု အသိုက်အဝန်း နှစ်ရပ် အကြား လူမှုသဟဇာတဖြစ်စွာ နေထိုင်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အထက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် လူငယ်များ၏ အင်အားကို ရယူဆောင် ရွက်ခြင်းဖြင့် ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေးရာတွင် စိတ်ပိုင်းဆိုင်ရာခံစားမှုများကို ဖြေလျော့ပေးရန် အားပေးကူညီမှုများလိုအပ်ကြောင်း၊ လူ့အဖွဲ့အစည်းများအတွင်း အေးချမ်းသာယာရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊  လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကျေးရွာများ၏ အချက်အလက်များကို ကောက်ယူရန် လိုအပ်ကြောင်း ပြောကြားပြီး ဝန်ကြီးဌာနက ဆောင်ရွက်ထားရှိသည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ပစ္စည်းများ ဖြန့်ဝေရေး စီစဉ်ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းပြောကြားပါသည်။

ယင်းနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးလူငယ်အဖွဲ့က UEHRD ၏ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ ပေးရေးတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရေး စီမံချက်ကို ရှင်းလင်းတင်ပြရာ တက်ရောက် လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

          အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘေးဒုက္ခခံစားနေရသူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို မိသားစုများလက်ဝယ်အရောက် အဖွဲ့တစ်ဖွဲ့လျှင်(၂၀)ဦးစီပါဝင်သော လူငယ်အဖွဲ့များ ဖွဲ့စည်း၍ တစ်ကြိမ်လျှင် ရက်(၂၀)ကြာ အလှည့်ကျ သွားရောက်လုပ်ငန်းဆောင်ရွက်နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

          အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဧရာဝတီဖောင်ဒေးရှင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်တာဝန်ခံများ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးလူငယ်အဖွဲ့၊  Youth Social Group နှင့်‌ ရန်ကုန်တိုင်းမှ လူငယ်မူဝါဒ ရေးဆွဲခဲ့သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter