မူးယစ်ဆေးဖြတ်ပြီးသူများအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အလေးထားပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မှာကြား

 ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊နိုဝင်ဘာ ၂၀          မူးယစ်ဆေးဖြတ်ပြီးသူများအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ရွှေတောင်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဆောက်လုပ်လှူဒါန်းသော (၇၂ပေx ၃၀ပေ) ရှိ RC (၁)ထပ် အဆောက်အဦအသစ်နှင့် (၁၀၀ပေ x ၂၀ပေ)ရှိ ပြုပြင်သည့် အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲကို (၁၈.၁၁.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းက အမှတ်(၆၄)၊ ကမ္ဘာအေးဘုရား လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။

 

          ပြည်ထောင်စုဝန်ကြီးက မူးယစ်ဆေးဝါးပပျောက်ရေးသည် အရေးကြီးပြီး အစိုးရအနေ ဖြင့်မူဝါဒ၊ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးကို အလွယ်တကူ လက်လှမ်းမှီစွာ ရရှိနေခြင်းသည် ကြီးမားသည့် အန္တရာယ် ဖြစ်ရာ ထုတ်လုပ်သူ၊ဖြန့်ဖြူးသူ၊ သုံးစွဲသူလျော့နည်းပပျောက်အောင် ဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ မူးယစ်ဆေးဝါးသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပတ်ဝန်းကျင်ကို များစွာ ထိခိုက်စေပါကြောင်း၊ မူးယစ်ဆေးဝါးသံသရာ မလည်စေရေးအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းသည် အရေးကြီးပြီး များစွာကျယ်ပြန့်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးတွင် ဆေးဖြတ်ပြီးသူများနှင့် ၄င်းတို့၏ မိသားစုအခြေအနေကို သိရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စခန်း(၉)ခု ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိရာ ထိရောက်မှုလိုအပ်သည်ကိုသုံးသပ်တွေ့ရှိရပါသဖြင့်ပြင်ဆင်သင့်သည်များကိုပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကျိုးပြုလုပ်ငန်းများတွင်ပြည်သူများပါဝင်ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်းနှင့် ရန်ကုန်ပြန်လည်ထူထောင်ရေး စခန်း အဆောက်အဦ ဆောက်လုပ်လှူဒါန်းပေးပါသော ရွှေတောင်လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်းကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။       

          ထို့နောက် ရွှေတောင်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း တာဝန်ရှိသူက ပြန်လည်ထူထောင်ရေးစခန်း အဆောက်အဦ ဆောက်လုပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ပါသည်။

          ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည်အဆောက်အဦများကို လှည့်လည်ကြည့်ရှုကာ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေး၊အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖော်ဆောင်ပေးရေးနှင့်နောက်ဆက်တွဲ စောင့်ရှောက်မှုပေးရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

          ယင်းနောက် အသိပညာပေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)သို့ ဝန်ကြီးဌာနက ထောက်ပံ့သော Projector (၁)စုံ ကို ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ပေးအပ်ပါသည်။

          မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏ လုပ်ငန်းများဆောင်ရွက် ရန်အတွက် စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများက လှူဒါန်းသော ငွေကျပ် (၅၇)သိန်းကို တာဝန်ရှိသူများက လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

 

 

FacebookTwitter