အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာစေရန်အတွက် သက်မွေးဝမ်းကျောင်းသင်တန်းဆိုင်ရာ လက်စွဲစာအုပ်မိတ်ဆက်ရှင်းလင်းခြင်းနှင့် မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေး (၁/၂၀၁၇) ကျင်းပပြုလုပ်

 နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ ၂၁

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်(၂၀.၁၁.၂၀၁၇) ရက်နေ့၊နံနက်ပိုင်းက နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပ ပြုလုပ်သော သက်မွေးဝမ်းကျောင်းသင်တန်းဆိုင်ရာလက်စွဲစာအုပ် မိတ်ဆက်ပွဲအခမ်းအနားနှင့် ပြန်လည် ၀င်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးသို့တက်ရောက် အမှာစကား ပြောကြားရာ “အစိုးရအဖွဲ့သစ်အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး ၀န်ကြီးဌာနများနှင့်အဖွဲ့အစည်းများတွင် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာစီမံချက် များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးဆောင်ရွက် ခဲ့ပါကြောင်း၊ ယနေ့နိုင်ငံတွင်းရှိဒေသတော်တော်များများ တွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုကြောင့် လူငယ်များသည် ပြည်ပနိုင်ငံများသို့သွား၍ ပညာသင် ကြားခြင်း၊ အလုပ်အကိုင်များ သွားရောက်လုပ်ကိုင်ခြင်းနှင့် တရားမ၀င်နိုင်ငံစွန့်ခွာခြင်းများရှိသဖြင့် လွန်စွာနစ်နာမှုဖြစ်ရပါကြောင်း၊ မိမိနိုင်ငံအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွင့်လှစ် သင်ကြား ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက်အစိုးရနှင့် ပုဂ္ဂလိကတို့ပူးပေါင်းပြီး ဆောင်ရွက်ပါက ပြည်ပသို့သွားရောက်၍ အလုပ်အကိုင်ရှာဖွေမှုများ လျော့နည်းလာမည်ဖြစ်ပါကြောင်း၊ ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကလေးစစ်သားပပျောက်ရေးလုပ်ငန်းစဉ်များကို ကြိုးပမ်း ဆောင်ရွက် လျက်ရှိသဖြင့် အရွယ်မရောက်သေးသောကလေးသူငယ်များကို စစ်မှုထမ်းခြင်းမှ လက်ခံခြင်းမပြုရေးနှင့် အရွယ်မရောက်သေးသော စစ်မှုထမ်းဆဲလူငယ်များရှိပါကလည်း မိဘရပ်ထံပြန်လည်အပ်နှံခြင်း လုပ်ငန်း များကို ဆောင်ရွက်နေပါကြောင်း၊ ထိုသို့သောကလေးငယ်များကို အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ သင်ကြားပေးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးရန်အတွက်စီစဉ်ဆောင်ရွက် ပေးနေပါကြောင်း၊ ထို့ပြင် လူကုန်ကူးမှုခံရသူများနှင့် ဆက်စပ်သော ပြန်လည်ထူထောင်ရေး၊ မူးယစ် ဆေးဝါးသုံးစွဲသူများအနေဖြင့်လူ့ပတ်ဝန်းကျင်က ဖယ်ကြဉ်ခြင်းမပြုဘဲ ဘ၀သစ်ကိုပြန်လည်ထူထောင်ခွင့်၊ မသန်စွမ်းသူများ၏အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည့်အခွင့်အရေး၊ လမ်းပေါ်နေကလေးငယ် များနှင့်တောင်းရမ်းစားသောက်သူများ၊ သက်ကြီး ရွယ်အိုများနှင့်လူမှုရေးအရ အကာအကွယ်မဲ့နေသော သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုက အရေးကြီးပါကြောင်း၊ ကြုံရာ ကျပန်းအလုပ်လုပ်နေကြရသောသူများနှင့် အခြေခံပညာမလုံလောက်သော သူများအတွက်လည်း အလုပ်အကိုင်ရရှိစေမည့် သင်တန်းများပါဝင်ပါကြောင်း၊ ယခုလက်စွဲစာအုပ်တွင် အစိုးရက အကောင်အထည်ဖေါ်ဖွင့်လှစ်သော သင်တန်းကျောင်း(၈)ခု၊ ပုဂ္ဂလိကအဖွဲ့အစည်းများက ဖွင့်လှစ် သည့်သင်တန်းကျောင်း(၁၁၈)ခုတို့မှ သင်တန်းအမျိုးအစား(၈၅၉)မျိုးပါဝင်သောကြောင့် မိမိတို့နှင့် ကိုက်ညီသောသက်မွေးသင်တန်းများကို ရွေးချယ်တက်ရောက်နိုင်ပါကြောင်း၊ တပ်မတော်မှ နုတ်ထွက်ခွင့်ရ ကလေးငယ်များသာမက အလုပ်အကိုင်လိုအပ်သောသူများပါ ၄င်းတို့၏ ဘ၀ရည်းမှန်းချက်ပန်တိုင်များကို အရောက်လှမ်းနိုင်ပြီး မိသားစုအသိုင်းအ၀ိုင်းကြား ပြန်လည်ဝင်ဆန့် စေမှာဖြစ်ပါကြောင်း၊ ယနေ့မိတ်ဆက် ဖြန့်ဝေသည့် အသက်မွေးဝမ်းကျောင်းသင်တန်းဆိုင်ရာ လက်စွဲစာအုပ်နှင့် Vocational Mapping Mobile Phone Application တို့သည် တပ်မတော်မှနုတ်ထွက်ခွင့်ရကလေးငယ်များနှင့် ပြည်သူများအတွက်ပါ များစွာ အကျိုးဖြစ်ထွန်း စေမှာဖြစ်သောကြောင့် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ UNICEF နှင့် INGOs၊NGOs အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် အလုပ်အကိုင် မျိုးစုံ၊ သင်တန်းမျိုးစုံပါဝင်သဖြင့် ပိုမိုထိရောက်သော အကျိုးကျေးဇူးများရရှိစေရေးအတွက် သင်တန်း အသီးသီးအတွက် စောင့်ကြည့် လေ့လာဆန်းစစ်ခြင်းများလည်း ဆက်လက်ဆောင်ရွက်ကြစေလိုပါ ကြောင်း” ဖြင့်ပြောကြားခဲ့ပါသည်။

ယင်းနောက် တာဝန်ရှိသူများက လက်စွဲစာအုပ်နှင့် Applicationဖြစ်ပေါ်လာပုံ၊ အသုံးပြုပုံများကို ရှင်းလင်းတင်ပြကြပြီး ခင်းကျင်းပြသထားသောမှတ်တမ်းဓါတ်ပုံများ၊ ထုတ်လုပ်ထားသော လူသုံးကုန် ပစ္စည်းများ ရောင်းချသည့်ပြခန်းများကို ကြည့်ရှုလေ့လာခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယ၀န်ကြီး ဦးစိုးအောင်၊ UNICEFမှ ဌာနေ ကိုယ်စားလှယ် Ms. June Kunugi နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ INGOs၊ NGOsအဖွဲ့အစည်းများနှင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အသက်မွေးဝမ်းကျောင်းသင်တန်းဆိုင်ရာ လက်စွဲစာအုပ်အား www.tvetmyanmar.gov.mm တွင် ၀င်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေး(၁/၂၀၁၇) ကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံသက်ကြီးရွယ်များဆိုင်ရာ ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးကပြဌာန်းထားရှိသည့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေပါ သက်ကြီးရွယ်အို များ၏ အခွင့်အရေးကိုကာကွယ်ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေး၊ မူဝါဒ၊ လမ်းညွှန်ချက်များ ချမှတ် အကောင်အထည်ဖော်မှုကို ကြီးကြပ်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က မြန်မာနိုင်ငံ သက်ကြီး ရွယ်အိုများဆိုင်ရာကော်မတီကို ဖွဲ့စည်းပေးထားပါကြောင်း၊ မိမိတို့ပြည်သူ့အစိုးရအနေဖြင့် ပြည်သူ အတွက်အကျိုးရှိပြီး ထိရောက်မည့်ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနကလည်း မူဝါဒ၊ရည်မှန်းချက်များနှင့်အညီ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပဋိသန္ဓေ တည်စမှ စ၍ အသက်အပိုင်းအခြားအလိုက် ဖော်ဆောင်လျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများဖွံ့ဖြိုးတိုးတက်ရေးနှင့် ရပ်တည်နိုင်ရေး ဆောင်ရွက်ရာတွင် ဆောင်ရွက်မှုတိုင်း သည် အသက်ကြီးသော်လည်း အိုမင်းသော်လည်း စွမ်းဆောင်နိုင်သော အိုမင်းစွမ်းသူများ ဖြစ်အောင် ဦးတည်ဆောင်ရွက်ပေးရမည်ဖြစ်သလို အိုမင်းမစွမ်း သူများကိုလည်း အခွင့်အရေး အပြည့်အဝရရှိရေးအတွက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ သက်ကြီး ရွယ်အိုများအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းကိုလည်း အသက်အရွယ်အပိုင်းအခြားအလိုက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှကျခံကာ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အာဟာရနှင့်ပတ်သက်သည့် ပညာပေးလုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့များ၊သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုဆိုင်ရာ မူဝါဒများ၊ နည်းဥပဒေများ အမြန်ပေါ်ထွက်လာစေရေး ကော်မတီဝင် များက ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

ယင်းနောက် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ (မူကြမ်း)နှင့် မြန်မာနိုင်ငံအမျိုးသားအဆင့်သက်ကြီးမူဝါဒ(မူကြမ်း) ရေးဆွဲထားရှိမှုကို ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်ကလည်းကောင်း၊ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 

FacebookTwitter