ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်ရေး ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေး

ရခိုင်ပြည်နယ်၊၂၀၁၇၊နိုဝင်ဘာ၂၉          ရခိုင်ပြည်နယ်ဒေသတွင်းပြန်လည်နေရာချထားရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ၊ဦးညီပု၊ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ (၂၇.၁၁.၂၀၁၇)ရက်နေ့၊နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

          ရှေးဦးစွာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌက မိတ်ဆက်အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ကပြောကြားရာတွင် အစိုးရအသစ် စတင်တာဝန်ယူ ပြီးနောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော် ရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းကော်မတီ (၄)ခု ဖွဲ့စည်းခဲ့ရာ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဥက္ကဌ အဖြစ်တာဝန်ယူဆောင်ရွက်ပြီး  ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊  ၂၀၁၆ အောက်တိုဘာလ (၉)ရက်နေ့နှင့် ၂၀၁၇ သြဂုတ်(၂၅)ရက် အကြမ်းဖက်ဖြစ်စဉ်များဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်ကိစ္စများ ပိုမို များပြား လာကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် တစ်နိုင်ငံလုံး၏အရေးဖြစ်သကဲ့သို့ နိုင်ငံတကာ ကလည်း အာရုံစိုက်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရန် တည်ငြိမ် အေးချမ်းမှု လိုအပ်ကြောင်း၊  တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေသော အရာများ၊ လုပ်ဆောင်ချက်များသည် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသောကြောင့် အားလုံးဝိုင်းဝန်းပူးပေါင်း၍ ဖယ်ရှားရမှာဖြစ်ကြောင်း၊ လုံခြုံရေး သည်လည်း ဖွံ့ဖြိုးတိုးတက်မှုနှင့်ဆက်စပ်နေပြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာပါက ပိုမိုလုံခြုံလာမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ် အကောင်အထည်ဖော် မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလော အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်  လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး ပြည်ထောင်စုစီမံကိန်း UEHRD ကိုလည်း အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ UEHRD တွင် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လျင်မြန်ထိရောက်စွာ ဆောင်ရွက်ရန် လုပ်ငန်းအဖွဲ့(၉)ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် မိတ်ဆွေနိုင်ငံများ မိတ်ဖက်အဖွဲ့အစည်းများမှလည်း ပူးပေါင်း ပါဝင်မည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ပန်းတိုင် (၁၇)ခုကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  မိမိနိုင်ငံနှင့်အပ်စပ်သော နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများကိုလည်း ပြစ်ပယ်ထား၍ မရပါကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်း ပြန်လည်ထူထောင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်သူများ တိုက်ရိုက်အကျိုးရှိသော လုပ်ငန်းများသာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ လွှတ်တော်နှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှု ရရှိမည်  ဖြစ်ကြောင်း ပြောကြားပါသည်။

          ထို့နောက် တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များ ကို မေးမြန်းရာ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ တွင် ရန်ပုံငွေသုံးစွဲမှုအခြေအနေ၊ အချိန်သတ်မှတ်ချက်၊ ဒေသခံများပူးပေါင်းပါဝင်နိုင်မှု အခြေအနေ၊ ကျေးရွာများ ပြန်လည်နေရာချထားမည့်အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်သွားသူများအား ပြန်လည်လက်ခံရေးဆောင်ရွက်နေမှုအခြေအနေ၊ လူငယ်များဖွံ့ဖြိုးမှု ဆောင်ရွက်ပေးနိုင်ရေးကိစ္စများ၊ ရခိုင်ပြည်နယ် မြို့နယ်များမှ တိုင်းရင်းသားအိမ်ထောင်စုများ မောင်တောဒေသသို့ ပြောင်းရွှေ့နေထိုင်လိုပါက နိုင်ငံတော်မှ ကူညီပေးနိုင်မည့် အခြေအနေ များအား မေးမြန်းဆွေးနွေးကြပြီး အစိုးရ၏ဆောင်ရွက်ချက်များအား ပြည်သူသို့ ပွင့်လင်း မြင်သာစွာချပြရန် အကြံပြုဆွေးနွေးကြပါသည်။

          ထို့နောက်ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီးပြည်နယ်လွှတ်တော်ဥက္ကဌကကျေးဇူးတင်စကားပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

 

FacebookTwitter