ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်တုံ့ပြန်နိုင်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

နေပြည်တော်၊ ၂၀၁၇၊ဒီဇင်ဘာ ၁၅          ငလျင်ဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြှင့်တင်ရေးစီမံကိန်းမိတ်ဆက်ခြင်းနှင့်အမျိုးသားအဆင့်ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်ရေးဆွဲရေးဆိုင်ရာကနဦးညှိနိုင်းဆွေးနွေးပွဲကို(၁၅.၁၂.၂၀၁၇)ရက်နေ၊နံနက်ပိုင်းကနေပြည်တော်၊သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာအမျိုးသားဘဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာ စကား ပြောကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကိုခံစားနေရပါကြောင်း၊မိမိတို့နိုင်ငံတွင်လည်း ရေကြီးရေလျှံခြင်း၊နွေရာသီတွင်ရေရှားပါးခြင်းတို့အပြင်ငလျင်လှုပ်ခတ်ခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊မိုးသီးကြွေကျခြင်း၊မိုးကြိုးပစ်ခြင်းအစရှိသည့် သဘာဝဘေးအမျိုးမျိုးကြုံတွေ့ရပါကြောင်း၊ရာသီဥတုပြောင်းမှုနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအားနည်းမှုတို့သည်သဘာဝဘေးအန္တရာယ်များ၏ ခြိမ်းခြောက်မှုများကို ပိုမိုစေပါကြောင်း၊  မိမိတို့နိုင်ငံသည် အယ်လ်ပိုင်း ငလျင်ကြောကြီးပေါ်တွင် တည်ရှိနေ၍ မြန်မာနိုင်ငံ၏ မြောက်ဖျားဒေသမှ တောင်ပိုင်း(မုတ္တမကွေ့)အထိ ဒေသအတော်များများသည် ငလျင်ကြော၊ ပြတ်ရွေ့ကြောအတွင်း ကျရောက်နေပါကြောင်း၊ ထို့ကြောင့် ငလျင်အန္တရာယ် ရင်ဆိုင်ရနိုင်ခြေ များပါကြောင်း၊ ပြည်သူများအနေဖြင့် အမြဲသတိရှိရန်လိုကြောင်း၊ ကမ်းရိုးတန်းဒေသနေ ပြည်သူများအနေဖြင့် ငလျင်ကြောင့် ဆက်စပ်ြပီးဖြစ်ပေါ်လာနိုင်သည့် ဆူနာမီ ဘေးအန္တရာယ်ကိုလည်း သတိပြုရန်လိုကြောင်း၊ ဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများတွင် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများရှိပြီး မြင်တွေ့ရခက်ခဲသည့် ကျန်းမာရေး၊ပညာရေး၊ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကိုလည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ယင်းအောက်တွင် လုပ်ငန်းကော်မတီ (၁၂)ရပ်ကို ဖွဲ့စည်း ထားရှိပြီး ပြည်သူများ၏ အသက်အိုးအိမ်ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက်ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ဒေသအလိုက်နှင့် ရာသီဥတုအနေအထားပေါ် မူတည်ပြီး ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ မြေငလျင်နှင့်ပတ်သက်ထိခိုက်ဆုံရှုံးနိုင်ခြေလျှော့ချရေးကို ထိထိရောက်ရောက်ဖြစ်စေရေး ကျွမ်းကျင်ပညာရှင်များနှင့် ပြည်သူများပါဝင်သည့် ငလျင်ဖိုရမ်များကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့တွင် ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ ဖိုရမ်မှ ရရှိသည့် ရလဒ်များနှင့်အညီ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး စီမံချက်ရေးဆွဲခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငလျင်ဘေး အန္တရာယ်ကျရောက်နိုင်ခြေများသည့်ဒေသများတွင် အမျိုးသားအဆင့် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးစီမံချက်များရေးဆွဲခြင်း၊ငလျင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ဖြန်ဝေခြင်းနှင့် ပြည်သူလူထု၏ ငလျင်ဆိုင်ရာသိမြင်နားလည်မှု ဆန်းစစ်ခြင်းတို့်အပြင် ငလျင်ဆိုင်ရာ ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

          ယင်းနောက် ECHO မှ Technical Expert ဖြစ်သူ Ms. Clementia Cantoni နှင့် UNDP မှ Deputy Country Director ဖြစ်သူ Ms. Dawn Del Rio တို့က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။           အဆိုပါ ဆွေးနွေးပွဲတို့ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော် မတီဝင်များ၊ ဌာနဆိုင်ရာ များနှင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 

 

 

 

FacebookTwitter