မတူညီသောအသိုင်းအဝိုင်းနှစ်ခုကြား ရှင်းလင်းပြတ်သားသော သတင်းအချက်အလက်များ ရောက်ရှိရေးသည် လူမှုသဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

 ရန်ကုန်၊၂၀၁၇၊ဒီဇင်ဘာ ၂၆          ပြဿနာဖြစ်ပွားနေသည့်လူမှုအသိုင်းအဝိုင်းတွင်လူမှုဝန်ထမ်းလုပ်ငန်းများဆောင်ရွက်ခြင်းဆိုင်ရာဒုတိယအကြိမ်သင်တန်းဖွင့်ပွဲကို(၂၅.၁၂.၂၀၁၇)  ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်ရာ UEHRD ဒုတိယဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက် အမှာစကားပြောကြားပါသည်။          ပြည်ထောင်စုဝန်ကြီးကယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင်ပဋိပက္ခများဖြစ်ပွားလျက်ရှိပါကြောင်း၊မိမိတို့နိုင်ငံတွင်လည်းပဋိပက္ခဖြစ်ပွားမှု များရှိပြီး ခြိမ်းခြောက်မှုများ ရှိလာပါကြောင်း၊ မိမိတို့နိုင်ငံသည် မတူကွဲပြားမှုများရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ထိုမတူကွဲပြားမှုများကိုစုစည်းပြီး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံအဖြစ်တည်ရှိနေပါကြောင်း၊ ပြဿနာများကိုဖြေရှင်းရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ပါက အချင်းချင်းသဟဇာတဖြစ်ပြီးအောင်မြင်မှုများရရှိမည်ဖြစ်ကြောင်း၊ပြည်ထောင်စစိတ်ဓာတ်အခြေခံရရှိပါကသဟဇာတဖြစ်ရေးဆောင်ရွက်ရန်လွယ် ကူပါကြောင်း၊ပြဿနာများကိုနိုင်ငံအနေဖြင့်ဖြေရှင်းဆောင်ရွက်ရသည်များရှိ သလို ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံ များနှင့်လည်း ပူးပေါင်းဆောင်ရွက်ဖြေရှင်းရသည်များလည်း ရှိပါကြောင်း၊ ပြဿနာဖြစ်ပွားရခြင်းသည် အသိုင်းအဝိုင်းနှစ်ခု တွင် မတူညီမှုများရှိ၍ဖြစ်ကြောင်း၊ မညီမျှမှုသည်ပဋိပက္ခဖြစ်ပွားမှု၏အကြောင်းရင်းတစ်ခုဖြစ်ပြီးဖွံ့ဖြိုးတိုးတက်မှုများကိုဆုတ်ယုတ်စေပါကြောင်း၊ပြဿနာကိုငြိမ်းအေးအောင်ဆောင် ရွက်ရာတွင် ပြည်သူ့အရေးဖြစ်၍ ပြည်သူများက ပါဝင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မတူညီသော အသိုင်းအဝိုင်းနှစ်ခုကြား ငြိမ်းချမ်းမှုရရှိရေးကိုယ်တိုင်ပါဝင်လာစေရန်ယနေ့သင်တန်းတက်ရောက်လာသူများကညှိနှိုင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အသိုင်းအဝိုင်းနှစ်ခုကြားသံသယများနှင့် အမုန်းတရားများ ပွားများမှုမရှိဘဲ ယုံကြည်မှုနှင့် မေတ္တာတရား ပွားများစေရေး ဆောင်ရွက် ရန်လိုကြောင်း၊ အထူးသဖြင့် မိမိတို့၏ လူမှုသဟဇာတဖြစ်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းပြတ်သားသော သတင်းစကားများဖြင့် နှစ်ဘက်အသိုင်းအဝိုင်းအတွင်း  ပျံ့နှံ့စေခြင်းဖြင့် ရေရှည်ပဋိပက္ခကင်းဝေးအောင် လူမှု ဝန်ထမ်းသမားများက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်ပြီးဖြစ်ပေါ်လာသည့်ပြဿနာများတွင် တစ်နိုင်ငံလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက် နိုင်ရေး UEHRD ပြည်ထောင်စုစီမံကိန်းကြီးကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုစီမံကိန်း ၏ ရည်ရွယ်ချက်တွင်လည်း ပဋိပက္ခများထပ်မံ မဖြစ်ပွားစေရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး ဆောင်ရွက်ရန် ပါဝင်ပါကြောင်း၊ အတွေ့အကြုံရှိသူများ၏ သင်ကြားပို့ချမှုများကို သိရှိရန်လိုသည့်အတွက် ယခုသင်တန်းကို ဖွင့်လှစ် ပို့ချရခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်းသမားများကလည်း ရပ်ရွာဒေသအရောက်သွားရောက် တာဝန် ထမ်းဆောင်ရာတွင် ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရေးကို  တတ်ကျွမ်းထားသော လူမှုဝန်ထမ်းပညာရပ်များဖြင့် ဦးတည်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ယင်းနောက် Community and Family Services International (CFSI) အဖွဲ့၏ Executive Director  ဖြစ်သူ Mr. Steven Muncy က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပါသည်။ အဆိုပါ (၅)ရက်တာ ဖွင့်လှစ်သည့် သင်တန်းသို့ ရခိုင်ဒေသတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်လျက်ရှိပါသည်။

          ထိုသင်တန်းများကို လူမှုဝန်ထမ်းဦးစီးဌာနက CFSI အဖွဲ့အစည်းနှင့် MOU လက်မှတ်ရေးထိုး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပဋိပက္ခနှင့် ပြဿနာဖြစ်ပွားသော လူ့အဖွဲ့အစည်းများ လူမှုသဟဇာတဖြစ်ရေး အလားတူ သင်တန်းများကို ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter