ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ၆/ ၂၀၁၇ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊၂၀၁၇၊ဒီဇင်ဘာ ၂၇          ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏၆/၂၀၁၇လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ (၂၆) ရက်နေ့ (၁၄း၀၀)နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ညှိနှိုင်းအစည်းအဝေးများကျင်းပ၍ လုပ်ငန်းများဆောင်ရွက်နေသည်မှာ ယခုအကြိမ်အပါအ၀င် (၆)ကြိမ်ရှိနေပြီဖြစ်ပါကြောင်း ၊ အစီရင်ခံစာ၏ အကြံပြုဖော်ပြချက်များသည် ရခိုင်ဒေသဖွံ့ဖြိုး တိုးတက်ရေး ၊ ဒေသတွင်းပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အဓိကထား၍ အကြံပြုထားသည့် လုပ်ငန်းများဖြစ်ကြောင်း ၊ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ခြင်းဖြစ်ပြီး ရခိုင်ဒေသသာမက နိုင်ငံတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ခြင်းပင် ဖြစ်ပါကြောင်း ၊အကြံပြုချက်တွင် ဖော်ပြထားသည့် ကဏ္ဍ(၁၈)ခုရှိပြီး ကဏ္ဍတိုင်းတွင် ၀န်ကြီးဌာန တစ်ခုတည်းအကောင်အထည်ဖော်ရသော လုပ်ငန်းရပ်များထက် ၀န်ကြီးဌာနသုံး၊လေးခု ပေါင်းစပ် အကောင်အထည်ဖော်ရသော လုပ်ငန်းရပ်များက ပိုမိုများပြားပါကြောင်း၊ ထို့ကြောင့် ပေါင်းစပ်ညှိနှိုင်း ခြင်းသည် အဓိကအရေးကြီးပါကြောင်း ၊ အစီရင်ခံစာပါ ကဏ္ဍရပ်များကို မကြာခဏ ပြန်လည်လေ့လာ သုံးသပ်၍ အမြန်ဆုံးအကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းများကို ရွေးချယ်ဦးစားပေးဆောင်ရွက်ကြ စေလိုပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်အရ ကော်မတီအနေဖြင့် (၄)လတစ်ကြိမ် အစီရင်ခံစာထုတ်ပြန်၍ ပြည်သူသို့ အသိပေးရမည်ဖြစ်၍ ကော်မတီဝင် ၀န်ကြီးဌာနများအနေဖြင့် လေးလအတွင်း အကြံပြုချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုကို တိုတိုကျဉ်းကျဉ်းနှင့် ထိထိမိမိ ရေးသား၍ အစီရင်ခံစာများ ပေးပို့နိုင်ရေး ဆောင်ရွက်ပေးကြစေလိုကြောင်း ၊ ကော်မတီ၏လုပ်ငန်း ဆောင်ရွက်မှုများအပေါ် ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ပြည်တွင်းပြည်ပ အတွေ့အကြုံများကိုအခြေခံ၍ အကြံပြုပေးမည့် အကြံပေးအဖွဲ့ကို ဖွဲ့စည်းပေးထားပြီးဖြစ်၍ မိမိတို့ကော်မတီနှင့် အကြံပေးအဖွဲ့တို့ ဇန်နဝါရီလ နောက်ဆုံးရက်သတ္တပတ်တွင်တွေ့ဆုံဆွေးနွေးညှိနှိုင်းရန်စီစဉ်ထားပါကြောင်း၊ယနေ့အစည်းအဝေးတွင်ဝန်ကြီးဌာနများအနေဖြင့်မိမိတို့၏လုပ်ငန်း အကောင်အထည်ဖော်မှုများကို ပေါင်းစပ်ညှိနှိုင်ဆွေးနွေးနိုင်ရေး လိုအပ်ချက်၊ အားနည်းချက် အားသာချက်များအလိုက် တွေ့ရှိ ဆောင်ရွက်ရမှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်တို့ဖြင့် ပြောကြားပါသည်။

          ကော်မတီပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန များအလိုက် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရာ၌ မြေပြင်၌ အမှန်တကယ်ဖြစ်တည်နေမှု မြေပြင်၏ လိုအပ်ချက်တို့အပေါ် မူတည်၍ လုပ်ငန်းများကို ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက် နေခြင်းကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်း များအတွက် ပြင်ဆင်မှုများ ပူးပေါင်းမှုဖြင့် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊သတင်းမီဒီယာများ သတင်းရယူ၍ သတင်းမှန်ထုတ်ပြန်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်၍ ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းမှန်များ မြန်ဆန်ကျယ်ပြန့်စွာ ထုတ်ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းတို့ ပြောကြားပါသည်။

          အစည်းအဝေးသို့ ကော်မတီပူးတွဲဥက္ကဌ ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပု ၊ ကော်မတီ ဒုတိယဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန  ဒုတိယ၀န်ကြီး ၊ ကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ၊ တွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ၊ ကော်မတီဝင် ၀န်ကြီးဌာန များမှ တာဝန်ရှိသူများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ၀န်ကြီးဌာနများမှ တာဝန်ရှိသူများက မိမိတို့ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုများ ၊ ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများ ပေါင်းစပ် ဆောင်ရွက်ပေးရန် လိုအပ်မှုများကို ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဌနှင့် ပူးတွဲဥက္ကဌတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ပေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် သတင်းစကားကို ကျယ်ပြန့်ထိရောက်စွာသိရှိကြစေရန် ဆောင်ရွက်ပေးကြစေလိုပါကြောင်း ၊ ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဒေသတွင်းလူမှုအဖွဲ့အစည်းများ ညီညီညွတ်ညွတ် စည်းစည်း လုံးလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ၊ ဒေသတွင်း တရားဥပဒေစိုးမိုးပါက အကြံပြုချက်ပါ လုပ်ငန်းစဉ်များ အမြန်အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါကြောင်း ၊ ပြည်သူများ အကြားအမြင် ပိုမိုကျယ်ပြန့်ပြီးစဉ်းစားဆင်ခြင်တွေးခေါ်မှုမြင့်မားစွာဖြင့်ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့်စိတ်ရှည်စွာဖြင့်စည်းရုံးလက်တွဲဖော်ဆောင်ကြရန်အလေး အနက်တိုက်တွန်းပါကြောင်းဖြင့်နိဂုံးချုပ်အမှာစကားပြောကြားပြီးအစည်းအဝေးကိုညနေ(၁၈:၄၀)နာရီအချိန်တွင်ရုပ်သိမ်းခဲ့ပါကြောင်းသတင်း ရရှိပါသည်။

FacebookTwitter