တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင် များအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲ တွင် လယ်‌ဝေးမြို့နယ်ရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၌ ကျင်းပခဲ့ပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌများနှင့် အသင်းဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသည် ဘေးအန္တရာယ်များ စီမံခန့်ခွဲရာတွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်အနေဖြင့် ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူမှုအဖွဲ့အစည်းများ နှင့် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်ကိုသိရှိရန် ပြည်သူ့ကိုယ်စားလှယ်များနှင့် ပြည်သူများထံမှ တိုက်ရိုက်ကြားသိရ ပါကြောင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းသည် ပြည်သူ့အခြေပြုအဖွဲ့ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုလို မိမိတို့ပူးပေါင်း ဆောင်ရွက်မှုသည် ပြည်သူအတွက် များစွာအကျိုးရှိ ထိရောက်မည်ဟုယုံကြည်ပါကြောင်း၊ ဘေးအန္တရာယ်ဟု ဆိုရာတွင် သဘာဝကြောင့်ဖြစ်သော ဘေးများသာမက လူတို့ကြောင့်ဖြစ်သော ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့်ဖြစ်သော ဘေးများ လည်း ပါဝင်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၌ သဘာဝကြောင့် ဖြစ်သော ဘေးများသာမက လူတို့ကြောင့် ဖြစ်သောဘေးများပါဝင် ပါကြောင်း၊ လက်ရှိဥပဒေတွင် လိုအပ်ချက်များ ပြန်လည်ဆန်းစစ် ပြင်ဆင်ရန်လည်းဆောင်ရွက်လျက်ရှိပြီး Private Public Partnership၊ ရင်းနှီးမြှုပ်နှံမှုများ၊ အာမခံစနစ်များ၊ မြေယာဆုံးရှုံးမှု၊ သီးနှံဆုံးရှုံးမှု၊ တိရစ္ဆာန်များ ဆုံးရှုံးမှု စသည့် ကဏ္ဍများကိုလည်း ထပ်မံထည့်သွင်း ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်မှု၊ ရင်ဆိုင်တုံ့ပြန်မှု၊ ပြန်လည်ကောင်းမွန်သော အခြေအနေသို့ရောက်ရှိစေမှု စသည့် အဆင့်(၃)ဆင့် အရေးကြီးပါကြောင်း၊ အသက်ဆုံးရှုံးမှုများ လျော့နည်းအောင်၊ ထိခိုက်မှုပမာဏ လျော့နည်းအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူကို အသိပညာပေး ပိုမိုဆောင်ရွက်ရန် လိုကြောင်း မိမိတို့ သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်နေသလို ပြည်သူနှင့်အနီးဆုံးရှိနေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များအနေဖြင့် အသိပညာများကို ပြည်သူကြားတွင် ပြန့်ပွားပေး စေလိုပါကြောင်း၊ မိမိတို့ဌာနမှဖွင့်လှစ်ထားသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်း ကျောင်းတွင်လည်း သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးနေပါကြောင်း၊ မည်သူမဆိုတက်ရောက် နိုင်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မည်သည့်ပါတီ၊ အဖွဲ့အစည်းဟူ၍ ခွဲခြားခြင်းမရှိဘဲ ပြည်သူ့အကျိုးအတွက် အားလုံးနှင့်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြား ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်က မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မိခင်နှင့်ကလေးများ၊ မိသားစုများ၏ကျန်းမာရေး၊ပညာရေးနှင့် လူနေမှု ဘဝအဆင့်အတန်း မြင့်မားလာစေရေးတို့အတွက် လူမှုရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် စေတနာ့ဝန်ထမ်း လူမှုရေးအဖွဲ့အစည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ရှေ့လုပ်ငန်းစဉ်များတွင်  “သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရန်၊ ပြည်သူလူထုအား သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ မည်ကဲ့သို့ဆောင်ရွက်ရမည်ကို ပညာပေးရန်နှင့် ဖြစ်ပွားလာပါက အခြားအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန်” ဟု ပါဝင်ပါကြောင်း၊ ယခု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် သည့်သင်တန်းသည် မိမိတို့၏ ပထမဦးဆုံးခြေလှမ်းဖြစ်ပါကြောင်း၊ မိမိတို့ သင်တန်းသူ သင်တန်းသား များအနေဖြင့် ယခုသင်တန်းမှရရှိသည့် အသိပညာ၊ အတွေ့အကြုံများကို မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိတဲ့အခါမှာ အကျိုးရှိရှိ အသုံးချပြီး အများပြည်သူကို ကူညီဆောင်ရွက် ပေးရန် လိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ဆက်လက်၍ သင်တန်းများဖွင့်လှစ် နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းကို (၉-၇-၂၀၁၈)နေ့မှ (၁၃-၇-၂၀၁၈)နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် စုစုပေါင်း(၅၅)ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

FacebookTwitter