ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Un Habitat နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးတို့က သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၇

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ် (UN- Habitat) မှ Country Programme Manager ဖြစ်သူ Mr. Bijay Karmacharya နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်သော အဖွဲ့တို့က ယနေ့နံနက်ပိုင်းနှင့်  မွန်းလွဲပိုင်းတို့တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။

          UN- Habitat အဖွဲ့နှင့် တွေ့ဆုံရာတွင် မိမိတို့အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် နားလည်မှု စာချွန်လွှာရေးထိုး၍ နည်းပညာဆိုင်ရာ ကူညီပံ့ပိုးနေမှုများ၊ ရခိုင်ပြည်နယ်တွင် နိုင်ငံတွင်း ပြန်လည် ဝင်ရောက် လာသူများအတွက် ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာတွင် UN- Habitat မှ အကြံဥာဏ်နှင့် နည်းပညာဆိုင်ရာ အထောက်ပံ့များအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

          ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ UNHCR နှင့်UNDP တို့အကြား ရေးထိုးထားသော နားလည်မှုစာချွန်လွှာအား ထိရောက်စွာ အကောင်အထည်ဖ်ာနိုင်ရေးအတွက် နည်းပညာ လုပ်ငန်းအဖွဲ့မှ ရခိုင်ပြည်နယ်သို့ ကွင်းဆင်းသွားရောက်ခဲ့သည့် ကိစ္စ၊ လူမှုသဟဇာတဖြစ်မှုအား ရှေးရှု၍ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အား စံပြမြို့နယ်အဖြစ် တည်ထောင်မည့် ကိစ္စရပ်များ၊ ယာယီခိုလှုံရေး စခန်းများစနစ်တကျ ပိတ်သိမ်းနိုင်ရေးအတွက် ယာယီခိုလှုံရေး စခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာချမှတ်နိုင်ရေး ဆောင်ရွက်နိုင်မှုများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး လုပ်ငန်းများနှင့် အမေရိကန်နိုင်ငံအနေဖြင့် လိုအပ်သည့် နေရာများတွင် ကူညီပံ့ပိုးပေးနိုင်ရေး ကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter