၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၈

၂၀၁၈ ခုနှစ်၊အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများ နေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂  ၌ ကျင်းပသည်။   ဂုဏ်ပြုအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှာ ဌာနေ ကိုယ်စားလှယ်များ၊  မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှ သံအမတ်ကြီးများ၊ ထူးချွန်ဘိုးဘွားများနှင့် ဂုဏ်ပြုခံ ဘိုးဘွားများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။                      

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေးက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ တစ်ဝန်းတွင် လူဦးရေအချိုးအစား ပြောင်းလဲလာမှုကို ကြုံတွေ့နေကြရပါကြောင်း၊ သက်ကြီးရွယ်အိုဦးရေ အချိုးအစားသည် ယခင်ကာလများထက် ပိုမိုများပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အို ရာခိုင်နှုန်းသည် ၁၉၇၃ ခုနှစ်က ၆ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင်  ၆ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင်  ၈ ဒသမ ၉ ရာခိုင်နှုန်း အထိ တိုးတက်ပြောင်းလဲလာ ပါကြောင်း၊ပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ စိန်ခေါ်မှုများပါ တစ်ပါတည်းပါလာပါကြောင်း၊ စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် မည်သို့ပြောင်းလဲကြရမည်ဆိုသည့်အချက်သည် အရေးကြီးသည့်အချက် တစ်ချက် ဖြစ်သည်ကို နားလည်ပါကြောင်း။                                   

မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းသည် ရှေးအစဉ်အလာ အဆက်ဆက်ကတည်းက သက်ကြီး ရွယ်အိုများကို လေးစားတန်ဖိုးထားတတ်ကြပြီး သားသမီး၊ မြေးမြစ်များက အတူနေထိုင် ပြုစု စောင့်ရှောက်တတ်ကြသည်ကို အစဉ်အလာအားဖြင့် မှတ်ယူခဲ့ကြပါကြောင်း၊ သို့သော် ပြောင်းလဲလာသည့် လူမှု၊ စီးပွားအခြေအနေများနှင့် အတူ ဘိုးဘွား၊ မိဘ၊ သားသမီး မြေးမြစ်များ အတူနေပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်စောင့်ရှောက်ကြ သည့် ဓလေ့သည်လည်းလျော့ပါးလာပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် အစဉ်အလာအားဖြင့် သိထားသော သက်ကြီးရွယ်အိုပြုစု စောင့်ရှောက်ရေးနည်းလမ်းသည် သက်ကြီးရွယ်အိုအားလုံးကို လွှမ်းခြုံနိုင်သည့် နည်းလမ်းတစ်ခုမဟုတ်တော့ပါကြောင်း။ အစဉ်အလာအားဖြင့် မိသားစုက ပြုစုစောင့်ရှောက်ခြင်း နည်းလမ်း အပြင် အခြားသောရပ်ရွာအခြေပြုသက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ခြင်း၊ သက်ကြီးရွယ်အိုနေ့ပိုင်း စောင့်ရှောက်ခြင်းနှင့် အခြားသော ပြုစုစောင့်ရှောက်သည့် နည်းလမ်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။       

  မိမိတို့နိုင်ငံရှိ သက်ကြီးရွယ်အိုများသည် သက်ကြီးရွယ်အိုဘဝ ဝင်ငွေမလုံခြုံမှု၊ ကျန်းမာရေးပြုစု စောင့်ရှောက်မှုဆိုင်ရာပြဿနာနှင့် လူမှုရေးအထီးကျန်မှုဆိုင်ရာ ပြဿနာများကို ရင်ဆိုင်နေကြရသည့် အတွက် နိုင်ငံတော်အစိုးရအနေနဲ့ သက်ကြီးရွယ်အိုဘဝဝင်ငွေလုံခြုံရေးကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး သက်ကြီးရွယ်အိုများအတွက် ငွေကြေးအထောက်အပံ့ပေးသည့် အစီအစဉ်ဖြစ်သည့် လူမှုရေး ပင်စင်အစီအစဉ်ကို ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေး နှစ်ကစတင်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါ ကြောင်း။        စတင် ဆောင်ရွက်ခဲ့စဉ်က အကျိုးခံစားခွင့်အတွက် အကျုံးဝင်မှုအသက်ကို ၉၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများဟု သတ်မှတ်ခဲ့သော်လည်း လာမည့်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်ကစပြီး အသက် ၈၅ နှစ်အထိ အကျုံးဝင်အသက်ကိုလျော့၍ သတ်မှတ်သွားမည်ဖြစ်ပါကြောင်း၊ မူလအစီ အစဉ်တွင် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရရှိသူ သက်ကြီးရွယ်အိုဦးရေသည် (၄၃၄၃၉) ဦး ရှိရာမှ (၁၄၀,၀၀၀) ဦးအထိ ပိုမိုပါဝင် လာမည်ဖြစ်ပါကြောင်း။        သက်ကြီးရွယ်အိုများအတွက်ကျန်းမာရေးပြုစုစောင့်ရှောက်မှုနှင့် ပတ်သက်ပြီးသက်ကြီး ရွယ်အိုများဆိုင်ရာဥပဒေပါ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများနှင့်အညီ အကောင်အထည်ဖော်ဆောင် ပေးနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြိုးပမ်းဆောင်ရွက်ပေးသွားကြရမည်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် သာမန်နှင့်သမား ရိုးကျကျန်းမာရေးပြုစု စောင့်ရှောက်မှုများသာမဟုတ်ပဲ ကာလကြာရှည် ပြုစုစောင့်ရှောက်ခြင်း (Long-term Care)နှင့် ကာလ ကြာရှည် ပြုစုစောင့်ရှောက်ခံရခြင်းမျိုး မလိုအပ်သေးသည့် သက်ကြီးရွယ်အို များအတွက်  ကြိုတင်ကာကွယ် ပေးသည့် ဝန်ဆောင်မှုများ (Prevention from Long-term Care) တို့ကိုလည်း ထည့်သွင်းဆောင်ရွက်သွား ရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။     

 ယခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနား၏ ဆောင်ပုဒ်သည် “သက်ကြီးအခွင့် အရေးဖော်ဆောင်ဖို့ ကြိုးပမ်းသူကိုဂုဏ်ပြုစို့” ဟုဖြစ်သည်။                                                       ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သောသ၀ဏ်လွှာကို UNDP ဌာန ကိုယ်စားလှယ် UN Resident  and Humanitaran Coordinator, Mr.Knut Ostby ဖက်ကြားသည်။ ယင်းနောက် ကဏ္ဍအလိုက် ထူးချွန်ဘိုးဘွားများနှင့် ဂုဏ်ပြုခံဘိုးဘွားများထံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြည်ထောင်စု ၀န်ကြီး နိုင်သက်လွင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် Help Age International (Myanmar) မှ Country Dierctor  Mr. God Fred Paul တို့က ဆေးဝါး ပစ္စည်းများနှင့် အလှူငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်း ကြပါသည်။                             

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများစောင့်ရှောက်ရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ   ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် သည်။                                                                                                         ထို့နောက် သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများက `` လူမှုဝန်ထမ်း တာဝန် ကျေစေမည်´´ ဘိုးဘွားဂုဏ်ပြုတေးဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် မြန်မာနိုင်ငံသက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးနှင့် အခွင့်အရေးဆိုင်ရာ ဆောင်ရွက် ချက်ဗီဒီယိုမှတ်တမ်းကိုပြသပြီးဘိုးဘွားများ ကိုယ်စားသက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဖြစ် သူ အဘွားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။        

 အခမ်းအနားအပြီးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် အဆိုပါခန်းမအတွင်း၌ ခင်းကျင်းပြသထားသည့် ၀န်ကြီးဌာန၊ မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများစောင့်ရှောက်ရေးအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ သက်ကြီး ရွယ်အိုစောင့်ရှောက်ရေးလှုပ်ရှားမှု ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုကြပါသည်။            

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဂုဏ်ပြုခံထူးချွန် ဘိုးဘွား တစ်ဦးလျှင် အလှူငွေ တစ်သိန်းကျပ်နှင့် ဂါရ၀ပြုလက်ဆောင်များ၊ ဂုဏ်ပြုခံဘိုးဘွား တစ်ဦးလျှင် အလှူငွေ ငါးသောင်းကျပ်နှင့် ဂါရ၀ပြုလက်ဆောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။ 

FacebookTwitter