ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bankအဖွဲ့နှင့် Mr. Roelf Meyer တို့မှ သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော်  ၊ ၂.၁၁.၂၀၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bankမှ Country Director(Myanmar)ဖြစ်သူMs.Ellen Goldstein နှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့၏ အဖွဲ့ဝင်ဟောင်း တောင်အာဖရိကနိုင်ငံ၊ ကာကွယ်ရေး ၀န်ကြီးဟောင်း Mr. Roelf Meyer တို့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမတွင် သီးခြားစီလာ ရောက်တွေ့ဆုံခဲ့ကြပါသည်။     

ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကမ္ဘာ့ဘဏ်အဖွဲ့၏ IDA ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၄င်းတို့မှမွေးဖွားလာသောကလေးအသက်(၂)နှစ်အထိ ငွေကြေး ထောက်ပံ့မှုအစီအစဉ်များ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေး၊ ထိုသို့ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေးစနစ်ကိုပါ ပိုမိုထိရောက်အားကောင်းအောင်ပြုလုပ်နိုင်ရေး၊ စီမံချက် ဆောင်ရွက်ရာ တွင် တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့အတွက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။     

ဆက်လက်၍ Mr. Roelf Meyer နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး နောက် ဆန်းစစ်တွေ့ရှိချက်များ၊ မတူညီသော လူ့အသိုင်းအ၀န်းနှစ်ခုအကြား လူမှုသဟဇာတ မျှတဖြစ်ထွန်းရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ အားပြန်လည်လက်ခံမည့် နောက်ဆုံးအခြေအနေများ၊ နိုင်ငံတော်အစိုးရမှဆောင်ရွက်ထားရှိမှုများ၊ စီစဉ်ဆောင်ရွက်နေမှုများ နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။

FacebookTwitter