မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ASEAN Confederation Women’s Organizations တို့ပူးပေါင်း၍ ၁၈ကြိမ်မြောက် အာဆီယံမိတ်ဖက် အမျိုးသမီးအဖွဲ့အစည်းများ ညီလာခံကျင်းပ

နေပြည်တော်၊ ၂၈.၁၁.၂၀၁၈

 မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ASEAN Confederation Women’s Organizations တို့ ပူးပေါင်းကျင်းပသည့် Handing Over Ceremony of 18th to the 19th ACWO Presidency အခမ်းအနားကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ​ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်‌အမှာ စကား​ပြောကြားခဲ့ပါသည်။ 

 ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီသည် စတုတ္ထအကြိမ် မြောက် ဘေဂျင်းကမ္ဘာ့အမျိုးသမီးညီလာခံသို့ မြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်ပြီး သည့်နောက် ကြေညာစာတမ်းပါအချက်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယန္တရားတစ်ရပ်ဖော်ဆောင်ရန်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို ၁၉၉၆ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ ပါကြောင်း၊ ယင်းကော်မတီသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် ယန္တရား ဖြစ်ပြီး တစ်နှစ်လျှင် အစည်းအဝေး (၂) ကြိမ်ကျင်းပ၍ အမျိုးသမီးများဖွံ့ ဖြိုးတိုးတက်မှု အစီအစဉ် များကိုပြန်လည်သုံးသပ်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် ကြီးကြပ်လမ်းညွှန်မှု ပေးခြင်းနှင့် ပြည်သူလူထု၏ လိုအပ်ချက်များအပေါ် ဆောင်ရွက်နိုင်မှု အခြေအနေများကို ဆန်းစစ်ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အတည်ပြုပါကြောင်း၊ လက်ရှိအစိုးရ၏မူဝါဒနှင့်အညီ  မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့်အညီ ပြင်ဆင်ဖွဲ့စည်းထားပြီး မူဝါဒအသစ်များကို ချမှတ်ထားရှိပါကြောင်း၊ ပြန်လည်ဖွဲ့စည်းထားသောကော်မတီတွင် ပြည်ထောင်စုဝန်ကြီးဌာန များသာမက အမျိုးသမီးအရေးကို တက်ကြွစွာဆောင်ရွက်နေသည့် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊  မြန်မာနိုင်ငံအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ အသင်း၊ ကျား/မရေးရာတန်းတူညီမျှရေးကွန်ရက်၊ အမျိုးသမီးအဖွဲ့အစည်းများကွန်ရက်နှင့် ယခု အသစ်ဖွဲ့စည်းပါဝင်လာသော ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း၊ အစရှိသောအဖွဲ့များက အမျိုးသမီးများ၊ အမျိုးသမီးငယ်များဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် လှုပ်ရှားဆောင်ရွက်နေကြသကဲ့သို့ အမျိုးသမီးများ၊ အမျိုးသမီးငယ်များ တွေ့ကြုံခံစားနေရသည့် အခက်အခဲပြဿနာများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့်  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း)၊ ပြည့်တန်ဆာဆိုင်ရာ ဥပဒေ(မူကြမ်း)တို့ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ထို့အပြင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အပေါ် ဝန်ကြီးဌာနများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများက ပြည်သူတွေ၏လိုအပ်ချက်အပေါ် ပံ့ပိုး ဆောင်ရွက်မှုတို့ကို ပြန်လည်သုံးသပ်ပြီး လိုအပ်သည့်လမ်းညွှန်ချက်များ ချမှတ်ပေးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်‌ အာဆီယံအမျိုးသမီးရေးရာကော်မတီနှင့် အာဆီယံအမျိုးသမီးနှင့် ကလေး သူငယ်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့် မြင့်တင်ရေးကော်မရှင်တို့၏ လုပ်ငန်း စီမံချက် (၂၀၁၆-၂၀၂၀)ပါ လုပ်ငန်းများတွင်လည်း တက်ကြွစွာအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပတဲ့ (၁၈) ကြိမ်မြောက် အာဆီယံမိတ်က် အမျိုးသမီးအဖွဲ့အစည်းများ ညီလာခံကို အိမ်ရှင်အဖြစ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ လက်ခံကျင်းပတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ‌နောင်လာမည့်အနာဂတ်တွင်လည်း မြန်မာနိုင်ငံရှိ အမျိုးသမီး အရေးကို တက်ကြွစွာဆောင်ရွက်နေသော အမျိုးသမီးအဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          အခမ်းအနားကို ဒုတိယ၀န်ကြီးဦးစိုးအောင်၊ ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီမှ တာဝန်ရှိသူများနှင့်‌ အာဆီယံမိတ်ဖက် အမျိုးသမီးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter