IDP စခန်းများ ပိတ်သိမ်းရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ၂၉.၁၁.၂၀၁၈

        ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်ပြည်နယ်တို့တွင် ဖွင့်လှစ်ထားရှိသော IDP စခန်းများ ပိတ်သိမ်းရာတွင် စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Horizon Lake View Resort Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး  တက်ရောက်၍ ညှိနှိုင်း အမှာစကားပြောကြားခဲ့ပါသည်။

        ပြည်ထောင်စုဝန်ကြီးက ပြည်နယ်(၄)ခုမှ အစိုးရတာဝန်ရှိသူများ၊ ဒေသခံပြည်သူ များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းအများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဒုက္ခသည်စခန်းရှိ ပြည်သူတို့ပါဝင်ပြီး အားလုံး၏ အကြံဥာဏ်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှသာ လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့ မည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် IDP စခန်းများ (၁၄၀)ကျော်တွင် ဒုက္ခသည်စခန်းရှိ လူဦးရေ တစ်သိန်းခြောက်သောင်း ကျော် ရှိနေသော်လည်း အရေအတွက်အားဖြင့် အတိုးအလျှော့ရှိ ပါကြောင်း၊ IDP စခန်းများ စနစ်တကျ ပိတ်သိမ်းနိုင်ရေးအတွက် ယခုနှစ်ဇွန်လတွင် ပထမအကြိမ်အစည်းဝေး ကျင်းပပြီးဖြစ်ရာ ဆွေးနွေးမှုရလာဒ်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရသည့် အခက်အခဲ အဟန့်အတားများနှင့် နှောင့်နှေးကြန့်ကြာမှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများအား ဒုတိယအကြိမ် ကျင်းပသည့် ယခုအစည်းအဝေးတွင် အကြံပြုဆွေးနွေး ပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရသစ် လက်ထက်စတင် တာဝန်ယူချိန်မှစ၍ အမှန်တကယ် စိတ်ဆန္ဒ စေတနာများဖြင့် အားထည့်ဆောင်ရွက်လျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေးအတွက်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံနှင့် ရခိုင်ပြည်နယ်တွင် လူမှုသဟဇာတ ဖြစ်ရေးတို့ကို အားသွန်ခွန်စိုက် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ သော်လည်း အောင်မြင်မှုရရန်  အခက်အခဲများစွာ ရှိနေဆဲဖြစ်ကြောင်း၊  ထိုအခက်အခဲ များကို ကျော်လွှားနိုင်ရန် ညှိနှိုင်းဆောင်ရွက်မှုဖြင့်သာ အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

ကချင်၊ ကရင်၊ ရှမ်းပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင် ကြုံတွေ့ရသော နိုင်ငံရေး၊ လူမှုရေး၊ လုံခြုံရေးစသည့် အချက်များကို အလေးထားရမည် ဖြစ်ပါကြောင်း၊ ပြန်လည်နေရာ ချထားရာတွင် လုံခြုံရေးသည်အရေးကြီးသဖြင့်  အဆိုပါဒေသများတွင် မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဌာနများက ပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမှုသဟဇာတဖြစ်ရေးကို အထူးအလေးထား ဂရုပြုဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်များအလိုက် စီမံချက်များ ရေးဆွဲရာတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့မှာ လွန်စွာအရေးကြီး ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်နိုင်ပြီး စနစ်တကျဖြစ်ရန် လိုအပ်ပါကြောင်း၊ IDP စခန်းများ ရေရှည်တည်ရှိခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့်အတွက် စနစ်တကျ ပိတ်သိမ်းနိုင်ရေး ညှိနှိုင်းဆွေးနွေးမှု ရလာဒ်ကောင်းများ ထွက်ပေါ်အောင် ၀ိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးစေလိုပါ ကြောင်း မေတ္တာရပ်ခံတိုက်တွန်း ပြောကြားခဲ့ပါသည်။

        ထို့နောက် UNRC မှ ဌာနေကိုယ်စားလှယ် က IDP စခန်းပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲသည့်လုပ်ငန်း ဆွေးနွေးမှုအတွက် ဂုဏ်ယူပါကြောင်း၊ လက်တွေ့ ဆောင်ရွက်ရာတွင် ထိခိုက်လွယ်အဟန့်အတားများနှင့် စိန်ခေါ်မှုများစွာရှိ ပါသော်လည်း မိမိတို့အနေဖြင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

        အခမ်းအနားကို ဒုတိယ၀န်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ သက်ဆိုင်ရာပြည်နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

        ဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်ပြည်နယ် တို့မှ IDP စခန်းများပိတ်သိမ်းနိုင်ရေးအတွက် လက်ရှိအခြေအနေများ၊ အကောင် အထည်ဖော် ဆောင်ရွက်ရန် စီမံထားမှုအခြေအနေများ၊ မဟာဗျူဟာမူကြမ်းတွင် ထပ်မံဖြည့်သွင်းသင့် သည့်အချက်များနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်မည့် အခြေအနေများကို အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter