ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၄.၁၂.၂၀၁၈

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ၊ ရုံးအမှတ်(၂၃)၊ အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ရာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ညှိနှိုင်းဆွေးနွေး အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အစိုးရသစ်တာဝန် ယူချိန်မှစတင်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ များဖြင့် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေး ကော်မရှင်ကိုဖွဲ့စည်းခဲ့ပြီး အကြံပြုချက်များကိုရယူခဲ့ပါကြောင်း၊ ဤအချက်များသည် အစိုးရသစ်၏ ရခိုင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးရရှိရန် ပြင်းပျသောဆန္ဒအမှန်ကို ဖေါ်ပြနေပါကြောင်း၊ ကော်မရှင်၏ အကြံပြုချက်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ချိန်ထဲ မှာပင် ကဏ္ဍစုံလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ ပြည်သူများ၊ ပုဂ္ဂလိက၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီကို ဖွဲ့စည်းဆောင်ရွက် ခဲ့ပါကြောင်း၊  အကြံပြုချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ပြည်တွင်းပညာရှင်များပါဝင်၍ အကောင်းဆုံး ဆောင်ရွက်နေသည့်အတွက် တိုးတက်မှုများရှိပါကြောင်း၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်စွာဆောင်ရွက်ရန်၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် အကောင်အထည်ဖော်  ​ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ၀န်ထမ်းများအား အသိပေးခြင်း၊ အရေးယူခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံအကြောင်းအရာများ ဖြစ်သည့် နိုင်ငံသားဖြစ်ခွင့်နှင့် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် တို့ကိုနိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ ခွဲခြားဆက်ဆံမှုမရှိဘဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အချုပ်အခြာနိုင်ငံတိုင်းတွင် ထုတ်ပြန်ထားသော ဥပဒေများ၊ နည်းဥပဒေများကို လေးစား လိုက်နာကျင့်သုံးရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လက်ရှိချိန်ထိ NVC ကတ်များအား စုစုပေါင်းလူဦးရေ ၁၃၂၁၅ ဦး ထုတ်ပေးပြီး ၄င်းတို့အနက် နိုင်ငံသား ၂၇၅ ဦး၊ ပြုနိုင်ငံသား ၄၄၁ ဦးနှင့် ၄င်းတို့၏ ကလေးများ ၅၇၆ ဦးအား ပြုနိုင်ငံအဖြစ် တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ နေရပ်စွန့်ခွာသူများအနေဖြင့် ၄င်းတို့၏ အနာဂတ်အတွက် National Verification Process မှ တဆင့် ဆောင်ရွက်နိုင်ရေး တိုက်တွန်းလိုပါကြောင်း၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်မှာလည်း အထောက်အထား တစ်ခုခု ပါရှိပါက သွားလာနိုင်ကြောင်း၊ လူအသိုင်းအ၀န်း နှစ်ခုအကြား လူမှုသဟဇာတ မျှတရေးအတွက်လည်း စကားဝိုင်းဆွေးနွေးမှုများ၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးစင်တာများမှတစ်ဆင့် ဆောင်ရွက် နေကြောင်း၊ ရှိရင်းစွဲ IDP စခန်းများစနစ်တကျ ပိတ်သိမ်းနိုင်ရေး၊ နိုင်ငံတကာစံနှုန်းများ နှင့်အညီ ဆောင်ရွက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာချမှတ် ဆောင်ရွက်နိုင်ရေး ကိုလည်း ကုလသမဂ္ဂအဖွဲ့အစည်း၊ ကျွမ်းကျင်ပုဂ္ဂိုလ်များဖြင့်ဆွေးနွေး၍ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် ပတ်သက်၍လည်း ခွဲခြားဆက်ဆံမှု မရှိရေး၊ မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရှိစေရေးမူဝါဒထားရှိ ဆောင်ရွက်နေကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုလည်း ခွဲခြားမှု မရှိဘဲ ဆောင်ရွက်နိုင်ရန် Red Cross Movement (RCM) ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ WFP စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အပြင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် ASEAN Coordinating Centre for Humanitarian Assistance on Disaster Management – AHA Centre တို့မှ ပူးပေါင်းပါဝင်ရန်အတွက် စတင်ဆောင်ရွက်နေကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုံနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းများကို ဆောင်ရွက်ရန်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ရေး၊ Cash for Work Program များ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး တို့အတွက် စေတနာအမှန်ရှိသူ မည်သူနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါ သည်။

ထို့နောက် ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများ၊ သံရုံးများဘက်မှ United Nations Resident and Humanitarian Coordinator ၊ Mr. Knut Ostby က ဦးဆောင် ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များမှာ မူဝါဒ လမ်းညွန်အဖြစ်တည်ရှိနေပါကြောင်း၊ မြန်မာအစိုးရ၏ ဆောင်ရွက်မှုများကို အသိအမှတ်ပြု ပါကြောင်း၊ အကြံပြုချက်များအကောင်အထည်ဖော်ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ ထိုသို့ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံချက်အား ရေးဆွဲဆောင်ရွက်နိုင်မည်ဆိုပါက လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများပေါ်ထွန်း လာနိုင်မည်ဖြစ်ပါကြောင်း၊ ဤကဲ့သို့ ညှိနှိုင်းအစည်းအဝေးကိုလည်း ဆက်လက် ပြုလုပ်စေလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များမှာ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း၊ လုံခြုံရေး၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာလှုပ်ရှား သွားလာခွင့်၊ IDP စခန်းများပိတ်သိမ်းရေးနှင့် လူမှုသဟဇာတ မျှတရေးတို့မှာ အလွန်အရေးပါသည့် ကိစ္စရပ်များဖြစ်ပြီးအောက်ခြေအဆင့်ထိ ပြောင်းလဲမှုများရှိစေရေး၊ ဆောင်ရွက်နေမှုများကို သိရှိရပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် ကြက်ခြေနီလှုပ်ရှားမှု၊ အာဆီယံနိုင်ငံများနှင့် AHA Centre တို့ ပူးပေါင်း ပါဝင်မှုများကို ကြိုဆိုပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။

ထို့နောက်တက်ရောက်လာကြသော သံအမတ်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဌာနေကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများက အသီးသီး အကြံပြုဆွေးနွေး ခဲ့ကြပြီး ဒုတိယ၀န်ကြီးများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြပါသည်။

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် ယခုလိုအချိန်ပေးတက်ရောက် သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးတွင် ဝိုင်းဝန်ကူညီဆောင်ရွက် လိုသည့် ဆန္ဒရှိကြသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ယနေ့ဆွေးနွေးခဲ့သည့် အချက်များကို မှတ်တမ်းတင်ပြီး အပြုသဘောဖြင့်ဆွေးနွေးချက်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အချုပ်အခြာအာဏာ ပိုင်နိုင်ငံတိုင်းတွင် နိုင်ငံတော်၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများရှိပါကြောင်း၊ ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ ကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူမှုသဟဇာတဖြစ်ရေး၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေး တို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ ပေါ်ထွက်လာစေရန် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် (ကိုဖီအာနန်ကော်မရှင်)ကို အစိုးရက ဖွဲ့စည်းအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ရာ ထိုအကြံပြုချက်များကို အလေးထား ကြောင်း၊ အကြံပြုချက်ဆိုသည်မှာ အကြံပြုချက်သာဖြစ်၍ မြေပြင်အခြေအနေအရ  လက်တွေ့ အကောင်အထည်ဖော်ရန် ဖြစ်နိုင်သမျှ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ပြီး ပြောင်းလဲမှု အမှန်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

FacebookTwitter