ရခိုင်ပြည်နယ်အပါဝင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုများ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် မလေးရှားနိုင်ငံ သံအမတ်ကြီးက လာရောက်ဆွေးနွေး

 

နေပြည်တော်၊ ၂၈-၁-၂၀၁၉

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Zahairi Baharim ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါ ၀န်ကြီးဌာန၊ ၀န်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။     

တွေ့ဆုံရာတွင် မလေးရှားနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံနှင့် လူမှုရေး၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်း ဆိုင်ရာကိစ္စများတွင် မလေးရှားနိုင်ငံရှိ INGOအဖွဲ့များ၊ လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ စိတ်အားထက်သန်လျက်ရှိကြောင်း ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေး၊ ဘေးအန္တရယ် ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မလေးရှားနိုင်ငံခြေစိုက် INGOအဖွဲ့များ၊ လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင် ပါကြောင်း၊ လူမှုရေးဆိုင်ရာ လုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များအတွက် UEHRD ကို ဖွဲ့စည်းထားရှိပါကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ICRC နှင့် IFRC တို့ပူးပေါင်း ၍ ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အနေဖြင့် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းကို ဝန်ကြီးဌာနနှင့်လည်း ချိတ်ဆက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အာဆီယံအခြေစိုက် AHA Center နှင့်လည်း ချိတ်ဆက် ဆောင်ရွက်နေပါကြောင်း ဆွေးနွေးခဲ့ကြရာ မလေးရှားနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံအတွင်း မလေးရှားနိုင်ငံမှကုမဏီများ အနေဖြင့် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ရန် တိုက်တွန်း သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံများသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ Myanmar Investment Summit ကိုလည်း ကြိုဆိုထောက်ခံပါကြောင်းနှင့် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေတွင် ပြုလုပ်မည့် Rakhine Investment Fair ကိုလည်း  သံရုံးမှ စီးပွားရေးတာဝန်ခံက တက်ရောက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

 

 

FacebookTwitter