ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်၊  ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်း မြို့နယ်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများဖွင့်လှစ်ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိကြပြီး လူငယ်ဖံွံ့ဖြိုးရေး ပရဟိတဂေဟာရှိ တာဝန်ရှိသူများ၊ ကျောက်စရစ်ကုန်း၊ ကင်ပွန်းတန်းအရှေ့၊ အောင်မြေရိပ်သာကျေးရွာမှ မိခင်ဝိုင်းဖွင့်လှစ်မည့် တာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက “နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် လူမှုဘဝရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ အတွက် အမြန်ပြန်လည် တုန့်ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရ၊ နေပြည်တော်ကောင်စီနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပဋိသနေတည်စမှ သက်ကြီးရွယ်အိုအထိ လူသားဘဝဖြစ်စဉ်အဆင့်ဆင့်တွင် လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ လူငယ်များ၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ စသည်ဖြင့် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်အောင် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် ပြည်သူလိုအပ်ချက်အားလုံးကို ပြည့်ပြည့်ဝဝ မဖြည့်ဆည်းနိုင်သေးသော်လည်း မျှတစွာ ရရှိခံစား စေရန်နှင့် လိုအပ်နေသောပြည်သူများ အမှန်တစ်ကယ်အကျိုးရှိစေရန်အတွက် အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပရဟိတလုပ်ငန်းဆိုသည်မှာ ကိုယ်ကျိုးအနစ်နာခံပြီး အချိန်ပေးရသော အလုပ်ဖြစ်သဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်မှုများကိုလည်း ကျေးဇူးတင် အသိအမှတ် ပြုပါကြောင်း၊ မိခင်ဝိုင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးရွာတိုင်းတွင် ဖွင့်လှစ်နိုင်ရေး ကိုလည်း မျှော်မှန်းထားပါကြောင်းနှင့် သက်ကြီးရွယ်အိုများကို လစဉ် ပင်စင်၊ ကိုယ်ဝန်ဆောင်နှင့် ၄င်းမှမွေးဖွားသော ကလေးအသက်(၂) နှစ်ထိ ငွေကြေးထောက်ပံ့မှုအစီအစဉ်များကိုလည်း နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေပေါ်မူတည်၍ ဆက်လက်တိုးမြှင့်ထောက်ပံ့ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ကျောက်စရစ်ကုန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် ထောက်ပံ့ငွေ (၉၃၄၂၀၀၀ိ)ကျပ်၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများဖြစ်သော ဒဟတ်ကုန်းမူကြို၊ အမှတ်(၁)ကာကွယ်ရေးပစ္စည်းစက်ရုံမူကြို၊ အမှတ်(၄) ကာကွယ်ရေးပစ္စည်း စက်ရုံမူကြို၊ တပ်မတော်ဆေးသုတေသနတပ်မူကြို၊ အမှတ်(၁၀၉) ခြေမြန်တပ်ရင်းမူကြို၊ အမှတ်(၂၀၃၂)လေကြောင်းရန် ကာကွယ်ရေးတပ်မူကြိုတို့အတွက် ထောက်ပံ့ငွေကျပ်(၃၆)သိန်း၊ ကျောက်စရစ်ကုန်း၊ ကင်မွန်းတန်းအရှေ့၊ အောင်မြင်ရိပ်သာကျေးရွာများတွင် ဖွင့်လှစ်မည့် မိခင်ဝိုင်း (၃)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် (၉၇၈,၀၀၀) တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့် က ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သုဇနကာရီ လူငယ်ဖွံ့ဖြိုးရေးဂေဟာနှင့် အေးမေတ္တာစံ ပရဟိတဂေဟာများသို့ ဝင်ရောက်ပြီး ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေနှင့် နေ့စဉ်ဆောင်ရွက်ဖွယ် လုပ်ငန်းများကို ကြည့်ရှုလေ့လာခဲ့ပြီး မုန့်နှင့်အရုပ်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter