မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော်ရေး ဆပ်ကော်မတီ (၈) ခု၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

          မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီ(၈)ခု၏ ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်သည့်  ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်၌ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး  တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေးသည် မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ဖော်ဆောင်ရန် လက်တွေ့ကျသည့် အစည်းအဝေး ဖြစ်သည့်အတွက် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူ ပြည်သားအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက် နေပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များသည် ပြည်သူများ၏ အခွင့်ရေးတို့ကို ညီတူညီမျှ ရရှိရေးအတွက် ဦးတည်ဆောင်ရွက်ရာတွင် လိုအပ်သည့်နေရာတို့ကို ဦးစားပေး ဖြည့်ဆည်း ဆောင်ရွက်ပေးပါက ညီတူညီမျှရရှိခံစားခွင့်တို့ကို ပိုမို လက်တွေ့ကျကျ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သို့ ရောက်ရှိနိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ ဖယ်ဒရယ်စနစ်ကို အခြေခံခြင်းသည် သာတူညီမျှ၊ တန်းတူညီမျှ၊ ခွင့်တူညီမျှစနစ်ကို ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်တွင်လည်း လူတိုင်း အခြေခံလူ့အခွင့်အရေးတို့ကို တန်းတူညီမျှရရှိရေး ဆောင်ရွက်ရပါကြောင်း၊  တိုင်းရင်းသား အားလုံးစုပေါင်းနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ တွင် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ခြင်းဆိုသည့် ပြည်ထောင်စိတ်ဓာတ် လိုအပ်ပါကြောင်း၊ မည်သူ့ကိုမျှ ဖယ်ချန်ထားခြင်း မရှိအောင်လည်း ဆောင်ရွက်ရပါကြောင်း၊ ထိခိုက်လွယ်အုပ်စုများ ဖြစ်သည့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများအတွက် ဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်၍ နိုင်ငံတော်က ဦးစားပေးလုပ်ငန်းများအဖြစ် အားလုံးပါဝင် အောင် ဆောင်ရွက်နေပါကြောင်း၊ ဝန်ကြီးဌာန၏ မူဝါဒအတိုင်းလူတိုင်း အခြေခံလူ့အခွင့်အရေး ရရှိရေး၊ လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသည့် လူအသိုင်းအဝိုင်း ဖော်ဆောင်ရေးနှင့် ဘေးအန္တရာယ် များကို ကြံ့ကြံ့ခံရင်ဆိုင် တုန့်ပြန်နိုင်စွမ်းရှိသည့် လူ့အသိုင်းအဝိုင်း ဖော်ဆောင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းသူများ၏ အခွင့်အရေးများကို လက်တွေ့အကောင်အထည်ဖော် နိုင်ရန် ဆပ်ကော်မတီ (၈)ခု၏ ယနေ့ အစည်းအဝေးသည်  ၄င်းဦးတည်ချက် မူဝါဒကို အခြေခံပြီး မသန်စွမ်းသူတွေ့ရဲ့ လိုအပ်ချက်တို့ကို ဖြည့်ဆည်းရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မသန်စွမ်း သူများအတွက် ဥပဒေ၊ နည်းဥပဒေ၊ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ (၈) ခုဖြင့် မဟာဗျူဟာစီမံကိန်းအား ချမှတ်နိုင်ရေး လက်တွေ့ဆောင်ရွက်ရာတွင် ပြည်တွင်းရှိ စံချိန်စံညွှန်းများအပြင် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ဆောင်ရွက်သည့်လုပ်ငန်းများ၊ ကမ္ဘာ့နိုင်ငံအသီးသီးက ဆောင်ရွက်သော မသန်စွမ်းကိစ္စရပ်များနှင့် ကိုက်ညီရန် လိုအပ်သဖြင့် ဆပ်ကော်မတီအသီးသီး၏ လုပ်ငန်းတာဝန်များ ဖော်ဆောင်ရာတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ပေးကြရန် မျှော်လင့်ပါကြောင်း၊ မသန်စွမ်းသူများအတွက် အတားအဆီးအကာကွယ် ကင်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန် ဝန်ကြီးဌာနအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြည်သူ များနှင့်လက်တွဲ၍ အခက်အခဲ၊ အဟန့်အတား၊ အနှောက်အယှက် ကင်းကင်းဖြင့်  ဆောင်ရွက် သွားနိုင်ရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် UNICEF (မြန်မာ) ၏ ဒုတိယဌာနကိုယ်စားလှယ် Mr. Pawl Edwards က ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခြင်းခဲ့ပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် က ဆပ်ကော်မတီ အသီးသီး၏ဖွဲ့စည်းပုံ၊ တာဝန်ဝတ္ထရားများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်းရေးဆွဲချမှတ်နိုင်ရန် လုပ်ငန်းစဉ်အဆင့်ဆင့်အား ဆက်လက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter