ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် တင်ပြဆွေးနွေးခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၆

          ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင် နိုင်ငံတော်၏ ဘတ်ဂျက်နှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းနည်းပါးသော ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် မည့် ကိုယ်ဝန်ဆောင်မိခင်နှင့်  ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ငွေကြေးအထောက်အပံ့ပေးရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ တင်ပြဆွေးနွေးခြင်းအခမ်းအနားကို နေပြည်တော်၊ လွှတ်တော်ဝင်းရှိ သဘင်ဆောင်၌ ကျင်းပခဲ့ ပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန် က ယနေ့ အခမ်းအနားသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန် ယူပြီး နိုင်ငံတော်၏ ဘက်ဂျက်နှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသည့် ချေးငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့ မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်နှင့်ပတ်သက်၍ လွှတ်တော်နှစ်ရပ်စလုံးရှိ ကိုယ်စားလှယ်များကို ရှင်းလင်းတင်ပြသွားမည့် အစီအစဉ်ဖြစ်ပါကြောင်း။

          နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် ကလေးသူငယ်များအတွက် အကျိုးရှိသော လုပ်ငန်းအစီ အစဉ်ကို မစတင်မီကာလကတည်းက စနစ်တကျကြိုတင်ပြင်ဆင်ကာ အားလုံးဝိုင်းဝန်း စုပေါင်းအကြံ ဥာဏ်ဖြင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်ပါကြောင်း၊ ယခု စီမံကိန်းကို လွှတ်တော် ကိုယ်စားလှယ်များ၏ ရှုထောင့်မျိုးစုံမှ အမြင်များအပေါ်အခြေခံ၍ အပြုသဘော ဆောင်သောအကြံပြု ချက်များပေးခြင်းဖြင့် အလေအလွင့်၊ အပျက်အစီး၊ အမှားအယွင်းမရှိ  ရည်မှန်း ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း။

          ယခုစီမံကိန်းသည် နိုင်ငံတော်အစိုးရက မြန်မာ့လူမှုအသိုက်အဝန်းအတွက် လူသားအရင်း အမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ရည်မှန်းချက်နှင့်အတူ မဟာဗျူဟာ များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက အတည်ပြုခဲ့သော အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို အခြေခံသည်ဟုသိရှိရပါကြောင်း။ ယင်း မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး  ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်သည်လည်း တစ်ခုအပါအ၀င် ဖြစ်ပါကြောင်း။

          ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူ ငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်သည် နိုင်ငံတော်၏ အနာဂတ် လူအစွမ်းအား အရင်း အမြစ်ဖြစ်သော ကလေးသူငယ်များကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အလွန်အရေးကြီးသည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်အစိုးရက အသိအမှတ်ပြုအကောင်အထည်ဖော် ဆောင်ရွက် နေခြင်းကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ ကြိုတင်သိရှိနိုင်အောင် တင်ပြခြင်းဖြစ်ပါကြောင်း။

          ထို့ပြင် အစီအစဉ်အကောင်အထည်ဖော်ရာတွင် အရေးကြီးသည့် အချက်တစ်ခုမှာ ပေါင်းစပ် ညှိနှိုင်းခြင်းဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်သည့် အဆင့်အသီးသီးတွင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများ ၊လူမှုရေးအသင်းအဖွဲ့ များနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း။

          လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့မှုရှိပြီး ပြည်သူများ ၏ ပကတိ အခြေအနေ၊ လိုအပ်ချက်နှင့် မျှော်မှန်းချက်များကို သိရှိနိုင်ပြီး အစီအစဉ်အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အကြံပြုနိုင်သည့်အတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အစီ အစဉ် အကောင်အထည်ဖော်မှုများကို စောင့်ကြည့်ကြီးကြပ်သည့် အပိုင်းတွင်လည်း အကူအညီ ပေးနိုင်မည်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း ။

          နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်  အရေးကြီး သော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသည့် အသက် ၂ နှစ်အောက် ကလေးသူငယ် များအား  ငွေကြေးထောက်ပံ့သည့် အစီအစဉ်ကို နိုင်ငံတော်၏ ဘတ်ဂျက်နှင့်ကမ္ဘာ့ဘဏ်၏ အတိုးနှုန်း သက်သာသည့် ချေးငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ရာ၌ လွှတ်တော်ကိုယ်စားလှယ်ကြီးများကလည်း အကြံပြုဆွေး နွေးပေးပါရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

          ထို့နောက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက  မိမိတို့ဝန်ကြီးဌာန၏ လက်ရှိအကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများကို မဟာဗျူဟာစီမံချက်များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းစသည်တို့နှင့် ကိုက်ညီသော ဦးစားပေးစီမံကိန်းများကို ရွေးချယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ထိုအချက် နှစ်ချက်နှင့်ကိုက်ညီမှသာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက ဘတ်ဂျက်ရန်ပုံငွေချထားပေးခြင်းဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းထားပြီးဖြစ်သည့်  လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစီမံချက် (၈)ခု ဖြစ်သော (၁)ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ်၊ (၂)အသက်(၃)နှစ်အထက် ကလေးသူငယ် ထောက်ပံ့ခြင်း၊ (၃)မသန်စွမ်းထောက်ပံ့ခြင်း၊ (၄)ကျောင်းတွင်အာဟာရကျွေးမွေးသည့် အစီအစဉ်၊ (၅) အများပြည်သူအလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကျောင်းပညာအစီအစဉ်၊ (၆)လူမှုရေးပင်စင် ထောက်ပံ့သည့်အစီအစဉ်၊ (၇)သက်ကြီးသူချင်း ကူညီထောက်ပံ့သည့် အစီအစဉ် များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်၊ (၈)ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေး သူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ်ကို ခန္ဓာကိုယ်ပုံမှန်ကြီးထွားခြင်းနှင့် ဦးနှောက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ရက်(၁၀၀၀)ကာလအတွင်း လွှမ်းခြုံမှုရှိစေရန် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊  ကိုယ်ဝန်ဆောင်အာဟာရ၊ မီးနေသည်အာဟာရ၊ နို့တိုက်မိခင်အာဟာရ၊ ကလေး သူငယ်အာဟာရ စသည့်အာဟာရကျွေးမွေးခြင်းနှင့်သက်ဆိုင်သော အသိပညာ၊ တစ်ကိုယ်ရေး သန့်ရှင်းရေး အသိပညာနှင့် မိသားစုစီမံကိန်းနှင့်သက်ဆိုင်သော အသိပညာပေးခြင်းနှင့်အတူ ငွေကြေး ထောက်ပံ့ခြင်းကို ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်းပြောကြားပါသည်။

          ထို့အပြင် အသက်(၈)နှစ်အထိ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် မသန်စွမ်း သူများအတွက်လည်း အထောက်အပံ့များပေးလျက်ရှိပြီး၊ မသန်စွမ်းခြင်းကိုကြိုတင် သိရှိနိုင်ပြီး ကာကွယ်ကုသပေးနိုင်သော Early Childhood Intervention (ECI) ၊ ထို့အပြင် ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်း အစီအစဉ်သည်လည်း ကလေးသူငယ်များအတွက် အာဟာရတစ်နပ်စာ ကျွေးမွေးမှာဖြစ်ပြီး၊ ကျောင်းနေကလေးငယ်များ၏ ကျောင်းသင်ခန်းစာတွင် အာရုံစူးစိုက်မှု ပိုမိုစေမည်ဖြစ်ပြီး ကျောင်းထွက်မှုနှုန်းလျော့ကျစေမည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး အများပြည်သူများ အတွက်အလုပ်အကိုင်ရရှိရေးကိုလည်း အသက်မွေးဝမ်း ကျောင်းသင်တန်းများ ဖွင့်လှစ်ပေး၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထို့အပြင် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ကိုဆောင်ရွက် ပေးလျက်ရှိပြီး၊ အိုသော်လည်းစွမ်းသည့် သက်ကြီးရွယ်အိုများအတွက် ၀င်ငွေရအလုပ် လုပ်ကိုင်နိုင်ရန် ကူညီထောက်ပံ့မှုများလည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဘက်စုံလူမှု ကာကွယ်စောင့် ရှောက်ရေးဝန်ဆောင်မှုများအဖြစ် ကျား/မအခြေပြုအကြမ်းဖက်မှုများ၊ ကလေးသူငယ် ကိစ္စရပ်များ စသည့် လူမှုရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဖြေရှင်းနိုင်ရန် ဝန်ဆောင်မှုများပေးလျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က  ကမ္ဘာ့ ဘဏ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့မှုအစီအစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များက အကောင်အထည်ဖော်မည့်အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များ၊ အသိပညာပေးရေးဆိုင်ရာကိစ္စရပ်များ၊ ပေါင်းစပ် ညှိနှိုင်းရေးဆိုင်ရာကိစ္စရပ်များနှင့် အစီအစဉ် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်မျာ၏ အခန်းကဏ္ဍများကို အကြံပြုဆွေးနွေး တင်ပြကြခဲ့ပြီး ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                                                          (သတင်းစဉ်)

 

FacebookTwitter