မသန်စွမ်းသူများ၏ အခွင့်အရေးကို မီဒီယာများနှင့်ပူးပေါင်း၍ ထိထိရောက်ရောက်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ၂၈.၃.၂၀၁၉
    မသန်စွမ်းသူများ၏ အခွင့်အရေးကို မီဒီယာများနှင့်ပူးပေါင်း၍ ထိထိရောက်ရောက် ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမရာ ဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
    ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးကို မီဒီယာများ နှင့်ပူးပေါင်း၍ ထိထိရောက်ရောက်ဖော်ဆောင်ရန်ဖြစ်ပါကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက် လူသားတစ်ဦးချင်းစီကို စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရန် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်ထား၍ မရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပဋိသန္ဓေတည်ချိန်မှ အစပြု၍ သက်ကြီးရွယ်အိုထိ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်လျက် လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူ့အသိုက်အဝိုင်းတစ်ခု ဖြစ်ပေါ်လာရန် ဦးတည်ဆောင်ရွက်နေပါကြောင်း၊ အပြောင်းအလဲကို ရရှိအောင် ဖော်ဆောင်နေသော ပြည်သူ့အစိုးရ၏ မသန်စွမ်းများနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များတွင် မသန်စွမ်းအဖွဲ့အစည်းများနှင့် မသန်စွမ်းသူများ၏စိတ်ခံစားမှုများကို အစိုးရနှင့်ပြည်သူများ သိရှိမှု အားနည်းနေသည့် အတွက် မီဒီယာများမှတဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မသန်စွမ်းများ၏ ခံစားချက်များ၊ ဂုဏ်သိက္ခာနှင့်ပြည့်စုံသော ပတ်ဝန်းကျင် ကောင်းတစ်ခုဖြစ်ပေါ်လာစေရန် မီဒီယာအားလုံး၏ အင်အားလိုအပ်သည့် အတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း တိုက်တွန်း ပြောကြားပါသည်။
    ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မသန်စွမ်းသူများသည် အများနည်းတူ အခွင့်အရေးတန်းတူညီမျှမှု ရရှိရန်အတွက် ဥပဒေနှင့် နည်းဥပဒေများအား အကောင် အထည်ဖော် ဆောင်ရွက်ရန် မီဒီယာများ၏အင်အားကို ရယူလိုသည့်အစည်းအဝေးဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ နစ်နာမှု၊ ဆုံးရှုံးမှု၊ အခွင့်အရေးများအား ဖော်ထုတ်ပြီး ကာကွယ်စောင့်ရှောက်ရန် မီဒီယာ၏အခန်းကဏ္ဍသည် အင်မတန်မှအရေးကြီးကြောင်း၊ ယနေ့အစည်းအဝေးတွင် မသန်စွမ်း သူများနှင့်ပတ်သက်၍ အလုပ်အကိုင်ရရှိရေး လက်စွဲစာအုပ်၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ၊ မသန်စွမ်းမှုစစ်တမ်း ကောက်ယူခြင်းအား   စသည့်တို့ကို ရှင်းလင်းတင်ပြခြင်းများဖြစ်ကြောင်း၊ အဓိကကျသည့် မီဒီယာ ညီအစ်ကိုမောင်နှမများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားပါသည်။
ထို့နောက် Voluntary Service Overseas မှ ဌာနေကိုယ်စားလှယ် (ကိုယ်စား) MS. Amy Hamerton က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါသည်။
    ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မှစ၍ (၂) ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး၊ နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းအစီအစဉ်များ၊ မသန်စွမ်းမှုနှင့် မသန်စွမ်း သူများဆိုင်ရာ သဘောတရားများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၊ မသန်စွမ်းသူများ၏ ဥပဒေနှင့် နည်းဥပဒေများ၊ ASEAN Enabling Masterplan (2025)၊ မသန်စွမ်းသူများ အလုပ်အကိုင် ရရှိရေးဆိုင်ရာ လက်စွဲစာအုပ်၊ ASEAN  Hometown Impowerment စီမံကိန်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်း လက်စွဲ စာအုပ်၊ မသန်စွမ်းမှု စစ်တမ်းကောက်ယူရေး၊ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်တို့ကို ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန် စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိ သူများ၊ မီဒီယာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်း သိရှိရပါသည်။

FacebookTwitter