ဒုတိယဝန်ကြီး ဦးစိုးအောင်အား International Crisis Group ရုံးခွဲဥက္ကဌက လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၂၂.၅.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား အမေရိကန်ပြည်ထောင်စုရှိ International Crisis Group ရုံးခွဲမှ ဥက္ကဌ ဖြစ်သူ  Mr. Robert Malley ဦးဆောင်သောအဖွဲ့က  ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
    တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန(၃)ခု၏ အဓိက လုပ်ငန်းတာဝန်များ၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ဖွဲ့စည်းထားမှု၊ ၄င်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေး ကျင်းပပြီးစီးမှုနှင့် မကြာခင်ရက်များအတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြန်လည်နေရာချထားရေးလုပ်ငန်းများ အကောင် အထည်ဖော်နိုင်ရေး ဆွေးနွေးမည့်ကိစ္စရပ်များ၊ ပြည်ထောင်စုမူဝါဒ သဘောတူစာချုပ် အစိတ်အပိုင်း (၁)နှင့်(၂)တို့ရှိ လူမှုရေးကဏ္ဍမူဝါဒ သဘောတူညီချက်များတွင် ဤဝန်ကြီးဌာနနှင့်ဆက်စပ်နေသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်။
    အလားတူ ကချင်ပြည်နယ်တွင် လက်ရှိဆောင်ရွက်နေသော ကယ်ဆယ်ရေးစခန်း ပိတ်သိမ်းမှု နှင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များ၊ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးစခန်း ပိတ်သိမ်းရေး မဟာဗျူဟာ အတည်ပြုနိုင်ရေး     ဆောင်ရွက်ချက် နောက်ဆုံးတိုးတက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံအစိုးရ၏ အစဉ်တစိုက်ဆောင်ရွက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူများ၊ နေရပ်စွန့်ခွာနေရမှုများအတွက် ထောက်ပံ့မှုပေးနေသည့် အခြေအနေများ၊ UEHRD အဖွဲ့ ဖွဲ့စည်း၍ ပဋိပက္ခကင်းဝေး၍ ရေရှည်ဖွံ့ဖြိုးမှုရရှိရေး ကြိုးပမ်းမှုများ၊ အာဆီယံအဖွဲ့နှင့်ပူးပေါင်း၍ ပြန်လည် လက်ခံရေးအတွက် လိုအပ်ချက် ဆန်းစစ်မှုဆောင်ရွက်ခြင်းနှင့် အစီရင်ခံစာထုတ်ပြန်နိုင်ရေး နောက်ဆုံးအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

FacebookTwitter