ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် ပေကျင်း+၂၅ ပြန်လည်သုံးသပ်မှုဆိုင်ရာ အာရှ-ပစိဖိတ် ဝန်ကြီးများအဆင့်ညီလာခံသို့ တက်ရောက်အမှာစကားပြောကြား

ဘန်ကောက်၊ ၂၈-၁၁-၂၀၁၉
    ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်သည့် ကျား/မ တန်းတူညီမျှရေးအတွက် ပေကျင်းကြေငြာချက်(၂၅)နှစ်ပြည့် ပြန်လည် သုံးသပ်မှုဆိုင်ရာ  အာရှ-ပစိဖိတ် ဝန်ကြီးများအဆင့်ညီလာခံသို့တက်ရောက်၍ ယနေ့နံနက်ပိုင်းတွင် အမှာစကားပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲရေးတွင် ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ ပါဝင်ခွင့် ရရှိရေးနှင့်ပြုပြင်ပြောင်းလဲမှု၏ အကျိုးခံစား နိုင်ရေးမှာ အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျား/မ အခြေပြု အကြမ်းဖက်မှုများ ပပျောက်နိုင်ရေးအတွက် လိုအပ်သည့် မူဝါဒများ၊ ဥပဒေများချမှတ်၍ အကာအကွယ်ပေးနေသကဲ့သို့ ကျား/မအခြေပြု အကြမ်းဖက်မှုခံစားခဲ့ရသောပြည်သူများကို လိုအပ်သည့်ဝန်ဆောင်မှုများရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ် တိုက်ဖျက်ရေးဆိုင်ရာဥပဒေကို ပြဌာန်းနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ ပြည့်တန်ဆာဆိုင်ရာ ဥပဒေကိုလည်း မူကြမ်းရေးဆွဲနေပါကြောင်း၊ အသက်(၁၈)နှစ်အောက် ကလေးငယ်များ၊ အမျိုးသမီးငယ်များအား အပြည့်အဝအကာအကွယ်ပေးနိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေး ဥပဒေအသစ်ကို (၂၀၁၉) ခုနှစ်တွင် အတည်ပြု ပြဌာန်းနိုင်ခဲ့ကြောင်း၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာမူဝါဒ ပြဌာန်းနိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုများမှ တားဆီးကာကွယ်တုံ့ပြန်နိုင်ရေးအတွက် ပူးတွဲသဘောတူစာချုပ်ကိုလည်း ကုလသမဂ္ဂနှင့်လက်မှတ်ရေးထိုးခဲ့ပြီးနောက် အဆိုပါသဘောတူစာချုပ်ကို အကောင်အထည်ဖော်ရန် လုပ်ငန်းစီမံချက်ကို ရေးဆွဲလျက်ရှိကြောင်း၊ လူကုန်ကူးကိစ္စရပ်များနှင့်ပတ်သက်၍လည်း အစိုးရ အနေနှင့် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှလက်မှတ်ရေးထိုးထားသော အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်း(CEDAW) သဘောတူစာချုပ်ဆိုင်ရာကိစ္စရပ်များကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်း များအပါအဝင် ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အချက်အလက်များ ရရှိနိုင်ရန် အတွက် (၂၀၁၉ မှ ၂၀၂၁)အထိ (၃)နှစ်တာ ကြာမြင့်မည့် သုတေသနတစ်ခုကိုလည်း ဆောင်ရွက်လျက်ရှိပြီး ယင်းသုတေသနသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်အညွှန်းကိန်းများနှင့်စပ်လျဉ်း၍ အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း၊ ရရှိလာသော သတင်းအချက်အလက်များအပေါ်အခြေခံ၍လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး မြန်မာနိုင်ငံအနေဖြင့် ကျား/မ အခြေပြုအကြမ်းဖက်မှုများ ပပျောက်သွားသည်အထိ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသတင်းရရှိပါသည်။

 

FacebookTwitter