ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ အစည်းအဝေးတက်ရောက်

နေပြည်တော်၊ ၂၇.၁.၂၀၂၀
    မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ အစည်းအဝေးသည် စတုတ္ထအကြိမ်ဖြစ်ပါကြောင်း၊ တတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်(၄)ချက်ကို ချမှတ်ခဲ့ရာ (၃)ချက်ကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် သက်ကြီးရွယ်အိုအမျိုးအစားအလိုက် အဆင့်ခွဲခြားခြင်းကို မသန်စွမ်းသူများ အဆင့်သတ်မှတ်ချက်နှင့် တိုက်ဆိုင်စိစစ်ရန်ဟူသော အချက်တစ်ချက်ကို ဆောင်ရွက်ဆဲ ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် အိုသော်လည်းစွမ်းသည့် သက်ကြီးရွယ်အိုများအား လူမှုအကျိုးပြု လုပ်ငန်းများနှင့် လူ့အဖွဲ့အစည်းအတွင်း ကျန်းမာတက်ကြွစွာပါဝင်နိုင်ရန် သက်ကြီးရွယ်အိုအခွင့်အရေး များကို ဖော်ဆောင်ပေးရန်လိုအပ်ကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ ပေါ်ပေါက်ပြီးဖြစ်ရာ နည်းဥပဒေ အမြန်ဆုံးထုတ်ပြန်နိုင်ရေး အရေးကြီးပါကြောင်း၊ သို့သော်လည်း ဥပဒေရှိပြီးဖြစ်သည့်အတွက် ဥပဒေနှင့် အညီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား သက်ကြီးရွယ်အိုပင်စင်ကို လစဉ်ထောက်ပံ့ပေးလျက်ရှိသည်ကို ပြည်သူအများ အသိအမှတ်ပြုခဲ့ကြကြောင်း၊ သက်ကြီးရွယ်အို အမျိုးအစားအလိုက် အိုမင်းစွမ်းနိုင်မှုအဆင့်ခွဲခြားပြီး ပံ့ပိုးကူညီမှုများကို စနစ်တကျ ဆက်လက် ဆောင်ရွက်နိုင်ရန် နည်းဥပဒေလိုအပ်ပါကြောင်း၊ ထို့ကြောင့် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေကို ဖော်ဆောင်လျက်ရှိရာ အဆင့်ဆင့်ပြန်လည်စိစစ်ခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ ပါကြောင်း၊ ရှေ့နေချုပ်ရုံး၏ အကြံပြုချက်များလည်း ရရှိပြီးဖြစ်၍ ပြန်လည်ပြင်ဆင်ထားသော နည်းဥပဒေ (မူကြမ်း)ကို ယနေ့ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆက်လက်ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ထားပါကြောင်း၊ ရန်ပုံငွေထူထောင်ရေးနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့နှင့် ပူးပေါင်းကာ သက်ကြီးသူများ ကိုယ်တိုင်ဦးဆောင်ပြီး မျိုးဆက်သစ်လူငယ်များ၊ လူလတ်ပိုင်းများပါ ပါဝင်၍ ခွဲခြားမှုမရှိဘဲ အားလုံးပါဝင် သော အချင်းချင်းကူညီစောင့်ရှောက်ရေး အတွက် လူမှုအားမာန်အဖွဲ့များ ( Inclusive Self- Help Groups) ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ ဆက်စပ်ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ရန်ပုံငွေလျာထားပြီးဖြစ်ကြောင်းနှင့် နည်းဥပဒေ (မူကြမ်း) ကို အစိုးရအဖွဲ့ရုံးထံ အမြန်ဆုံး တင်ပြအတည်ပြုချက်ရယူနိုင်ရေး ဆက်လက်ဆွေးနွေးပေးကြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အခြေခံစားဝတ်နေရေး၊ လှုပ်ရှားသွားလာရေးနှင့် မရှိမဖြစ် ကျန်းမာရေး စောင့်ရှောက်မှု ခံယူရေးတို့တွင် သင့်လျော်သော အထောက်အပံ့ရရှိခွင့်၊  သက်ကြီးရွယ်အိုဘဝ၌ သင့်တင့်သော ဝင်ငွေပုံမှန်ရရှိရေးနှင့် နေထိုင်မှုအဆင့်အတန်း ရရှိရေးတို့အတွက် အထောက်အပံ့ရယူခွင့်၊ စရိတ်ထောက်ပံ့မှုလိုအပ်သော မိဘဘိုးဘွားများက ၎င်းတို့၏ သားသမီးနှင့် မြေးများထံမှ စရိတ်ထောက်ပံ့မှု ရပိုင်ခွင့် စသည်ဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေတွင် ပါရှိသော အခွင့်အရေး များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
    ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူက သက်ကြီးရွယ်အိုများဆိုင်ရာနည်းဥပဒေ (မူကြမ်း)အပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်များနှင့် ပြင်ဆင်ထားသော နည်းဥပဒေ (မူကြမ်း)ကို ရှင်လင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
    ဆွေးနွေးမှုများမှ ရရှိလာသောအချက်များကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပြန်လည်ညှိနှိုင်းကာ နည်းပဒေ(မူကြမ်း)ကို အတည်ပြုနိုင်ရေး အစိုးရအဖွဲ့ရုံးထံသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter