နတ်မောက်မြို့၌ ကျင်းပသော (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပွဲတော်သို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

နတ်မောက်၊ ၁၁.၂.၂၀၂၀

            မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကျင်းပသော (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နတ်မောက်မြို့၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။

            ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၊ နတ်မောက်ကွန်ယက်ပရဟိတ လူမှုအကျိုးပြုအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍  ဖွင့်လှစ်ပေးခဲ့ကြပါသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်စကားပြောကြားရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိမြေတွင် ကျင်းပသည့် ဗိုလ်ချုပ်၏ (၁၀၅)မြောက် မွေးနေ့အထိမ်းအမှတ်ပွဲကို တက်ရောက်ခွင့်ကြုံသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် မမေ့အပ်သော လူထု ခေါင်းဆောင်ဖြစ်ပါကြောင်း၊ လူထုခေါင်းဆောင်သည် လုပ်ယူ၍မလွယ်သလို၊ ရယူ၍လည်း မရပါကြောင်း၊ ပြည်သူလူထုကသတ်မှတ်မှသာ လူထုခေါင်းဆောင်ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ် အရည်အချင်းသည် ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ ရိုးသားခြင်း၊ ဇွဲရှိခြင်း၊ စွန့်လွှတ်အနစ်နာခံနိုင်ခြင်း တို့ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏အကြောင်းကို မွေးနေ့(၁၀၅)တိုင်အောင် မျိုးဆက်သစ် နောင်လာ နောင်သားများက သိရှိကြပြီး ဆွေးနွေးပြောဆိုကြခြင်းသည် ကောင်းမွန်သော လက်ဆင့်ကမ်းအမွေ ပေးခြင်းဟု ယူဆ၍ရပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်များ၊ လက်ဆင့်ကမ်းအမွေများကို မိမိတို့အနေဖြင့် ထုတ်ဖော်ပြောဆိုကြသကဲ့သို့ လက်တွေ့အားထုတ် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယနေ့မျိုးဆက်သစ် ကလေးသူငယ်နှင့် လူငယ်များအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ခြိုးခြံချွေတာမှု၊ ရိုးသားမှုဂုဏ်များ လက်ဆင့်ကမ်းအမွေယူပြီး မိမိတို့၏ မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းအမွေ ပြန်လည်ပေးနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့နိုင်ငံသည် ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်ကြိုးပမ်းဆဲ ကာလဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အမြစ်တွယ် စေရန်လည်း ကြိုးပမ်းအားထုတ်လျက်ရှိရာ ဒီမိုကရေစီအဆင့်အတန်းကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီအဆင့်အတန်းသည် မျှတသော ရွေးကောက်ပွဲဖြစ်ခြင်း၊ ပြည်သူ့ဆန္ဒအရ ပေါ်ပေါက်လာသော ပြည်သူ့အစိုးရ၏ ဆောင်ရွက်မှုများသည် ပြည်သူ့အကျိုးကို ဆောင်ရွက်ခြင်းရှိမရှိ စောင့်ကြည့် ထိန်းကျောင်းပေးနိုင်ခြင်း၊ ပြည်သူများသည် နိုင်ငံ၏အရေးကို စိတ်ပါဝင်စားခြင်း၊ အစိုးရ၏ ဆောင်ရွက်ချက်များတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်နိုင်မှု အားကောင်းခြင်းနှင့် ဥပဒေဘောင် အတွင်းမှ လွတ်လပ်မှုရရှိခြင်းတို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီအကူးပြောင်း လာလတွင် ဒီမိုကရေစီ အဆင့်အတန်းကို မြှင့်တင်ရန်တာဝန်ယူ ဆောင်ရွက်ကြလျက်  မျှော်မှန်းထားသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

            ထို့နောက်  ပြည်ထောင်စုဝန်ကြီးက (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ပွဲတော်အတွက် ဝန်ကြီးဌာန၏ ထောက်ပံ့ငွေ (၁၅)သိန်းကိုပေးအပ်ရာ နတ်မောက်ကွန်ယက်ပရဟိတ လူမှုအကျိုးပြုအဖွဲ့ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ပါသည်။

            ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်ပွဲတော် အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီပေးကြသူများအား ဂုဏ်ပြု လက်ဆောင်များ အသီးသီး ပေးအပ်ခဲ့ကြပါသည်။

            ယင်းနောက် နတ်မောက်မြို့၊ အ.ထ.က (၁) ကျောင်းသူ၊ ကျောင်းသားများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် အကဖြင့်လည်းကောင်း၊  ယင်းချောင်းလရောင် စာပေကဗျာနှင့် အနုပညာအဖွဲ့က (၁၀)မိနစ်စာ အငြိမ့်ခွင်ဖြင့်လည်းကောင်း၊ နတ်မောက်မြို့ ကျောင်းသားကျောင်းသူလေးများ၏ ငါသည်အောင်ဆန်း အကဖြင့်လည်ကောင်း အသီးသီး ဖျော်ဖြေခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter