IDP စခန်းများတွင် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ နှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစီမံချက် ရေးဆွဲရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ၂၄.၃.၂၀၂၀
    ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများ (IDP စခန်းများ)တွင် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
    ညှိနှိုင်းအစည်းအဝေးတွင် COVID-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသည် ကူးစက်ပြန့်နှံ့ လွယ်ပြီး၊ မြန်မာနိုင်ငံတွင်လည်း စတင်ကူးစက်ခံရပြီဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဋိပက္ခများကြောင့် ယာယီခိုလှုံရာစခန်းများတွင်နေထိုင်ကြသော နေရပ်စွန့်ခွာသူများအတွက် COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်ရန် လိုအပ်သောအစီအမံများ ဆောင်ရွက်နိုင်ရန်နှင့် ကူးစက်ဖြစ်ပွားလာပါက စခန်းနေသူများ၊ စခန်းစီမံခန့်ခွဲသူများ၊ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများက စနစ်တကျ အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် စီမံချက်ကို ရေးဆွဲရခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ စာရင်းများအရ မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြို့နယ်ပေါင်း (၂၄) မြို့နယ်၌ စခန်းစုစုပေါင်း (၁၂၈) ခု၊ စခန်းနေ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၁၈၄,၃၃၃) ဦး ရှိပါကြောင်း၊ ထိုသူများအတွက် စီမံချက်ရေးဆွဲရာတွင် စခန်းနေသူများသာမက စခန်း စီမံခန့်ခွဲသူများကိုပါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးနိုင်ရန် အရေးကြီးကြောင်း၊ IDP စခန်းများသို့ ကူညီထောက်ပံ့မှုလုပ်ငန်းများအတွက် လာရောက်သော ပြည်တွင်း/ပြည်ပ လူသားချင်းစာနာမှုအကူအညီပေးရေး အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် IDP စခန်းနေသူများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 နှင့် ပတ်သက်သည့် လိုက်နာရမည့် အချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊  စခန်းများတွင် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး အသုံးအဆောင်များဖြစ်သည့် သန့်ရှင်းသည့်ရေ၊ ရေပုံး/ရေဇလုံ/ရေခွက်များ၊ ဆပ်ပြာခဲ/ဆပ်ပြာဆီများ၊ လက်ဆေးရန်နေရာများစီမံထားရှိပေးခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ပေးခြင်း၊ စခန်းတွင်းနေထိုင်သူများတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ ဖြစ်ပွားပါက အသုံးပြုနိုင်ရန် နှာခေါင်းစည်းများ ကြိုတင်စုဆောင်း ထားခြင်း၊ ၎င်းတို့ကို (လိုအပ်ပါက) အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရန် သီးခြား ထားရှိခြင်း (Quarantine) အဆောက်အဦများ စီစဉ်ထားခြင်းနှင့် လိုအပ်သည့် နေထိုင် စားသောက် ရေး ကိစ္စရပ်များကို ပြင်ဆင်ထားခြင်း၊ ၎င်းတို့အနေဖြင့် Quarantine နေထိုင်စဉ်အတွင်း လိုအပ်သည့် ကျန်းမာရေး စောင့်ကြည့် ကြီးကြပ်မှုများ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေး ဝန်ထမ်းများ စီစဉ်ထားရှိခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း စသည့်လက္ခဏာများတွေ့ရှိပါက အနီးဆုံး ကျန်းမာရေးဌာနများသို့ ချက်ချင်း သတင်းပို့ခြင်းနှင့် ညွှန်ကြားချက်၊ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စခန်းအလိုက် ဖွဲ့စည်းထားပြီးဖြစ်သော စခန်းစီမံခန့်ခွဲမှုကော်မတီက စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ရေး တာဝန်ယူဆောင်ရွက်ခြင်း၊ အစီရင်ခံခြင်း၊ COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သောသန့်ရှင်းရေးပစ္စည်းများ၊ အကာအကွယ် ပစ္စည်းနှင့် ကိရိယာများ၊ အခြားလိုအပ်သော အထောက်အကူပစ္စည်းများထောက်ပံ့မှုကို လက်ခံခြင်းနှင့် စီမံခန့်ခွဲခြင်း၊ COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ စခန်းများတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား သတင်းအချက်အလက်များ မျှဝေပေးခြင်း တို့ကို ဆောင်ရွက်ရန် စီမံချက်တွင်ထည့်သွင်းရေးဆွဲရေး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter