လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက နေရပ်စွန့်ခွာသူ (IDP) စခန်းများတွင် COVID-19 ကူးစက်မြန် ကပ်ရောဂါ ဆိုင်ရာ ပညာပေးခြင်းနှင့် ထောက်ပံ့မှုများ စတင် ဆောင်ရွက်

နေပြည်တော်၊ ၂၈.၃.၂၀၂၀
    Coronavirus Disease 2019 (COVID-19) ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) များအား ရောဂါ ကြိုတင်ကာကွယ်ရေး၊ လိုက်နာ ပူးပေါင်းဆောင်ရွက်ရေးအတွက်  အသိပညာပေး ရှင်းလင်းခြင်းနှင့် လက်ဆေးဆပ်ပြာများ ထောက်ပံ့ပေးဝေခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆက်စပ်ဌာနများ၊ လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
    ထိုသို့ဆောင်ရွက်ရာတွင် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်နှင့်  ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်း နေရပ်စွန့်ခွာသူ (IDP)များ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များ၊ COVID-19 ရောဂါဖြစ်ပွားလျှင်ခံစားရသော ရောဂါ လက္ခဏာများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့် တပြေးညီထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို ရှင်းလင်းခြင်း၊ လိုက်နာဆောင်ရွက်ပေးကြရန်နှင့် ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းခြင်း၊ ပညာပေး နံရံကပ်ပိုစတာများ၊ လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ လက်ဆေးဆပ်ပြာများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို ပြည်တွင်းနေရပ်စွန့်ခွာသူများ နေထိုင်ကြသည့် ယာယီခိုလှုံရာစခန်းများဖြစ်သည့် ကချင်ပြည်နယ်ရှိ ယာယီခိုလှုံရာ စခန်း (၉)ခု၊ ရှမ်းပြည်နယ်ရှိ ယာယီခိုလှုံရာစခန်း(၅)ခု၊ ရခိုင်ပြည်နယ်ရှိ ယာယီခိုလှုံရာစခန်း (၂)ခုနှင့် ကရင်ပြည်နယ်ရှိ ယာယီခိုလှုံရာစခန်း (၂)ခု၊ စုစုပေါင်း စခန်း (၁၈) ခုတို့တွင် ယနေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။
     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်  ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် နိုင်ငံတကာ လူသားချင်းစာနာ ကူညီမှုနှင့် ကာကွယ်စောင့်ရှောက်ပေးမှု ဆိုင်ရာစံချိန်စံညွှန်းများ၊ Inter - Agency Standing Committee က စခန်းတွင် နေထိုင်ကြသူများ အတွက် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းပြီးထုတ်ပြန်ထားသော အချက်အလက်များကို ထည့်သွင်း၍ COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရေးစီမံချက် (မူကြမ်း) တစ်ခုကိုရေးဆွဲထားပြီး ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းထားပြီးဖြစ်ရာ ထိုစီမံချက်ကို အကောင်အထည်ဖော်ရေး  ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါသည်။
    မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ရန်တာဝန်ရှိသော အသိပညာပေးလုပ်ငန်းများ၊ ထောက်ပံ့ခြင်းလုပ်ငန်းများကို ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူလူထုကြား ဆောင်ရွက်ခြင်းနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်အရ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်များတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ရောဂါကူးစက်ခံရမှုနှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ပြည်သူများလိုက်နာ ကျင့်သုံးရမည့်အချက်များကို ဝန်ထမ်းများကိုယ်တိုင် သိရှိနားလည်ကြပြီး ပြည်သူများအကြားတွင် စံနမူနာပြဆောင်ရွက်ရန်လည်း တာဝန်ရှိသူဝန်ထမ်းများအား တိုက်တွန်းအသိပေးထားပြီး  လိုအပ်သော ပံ့ပိုးမှုများ ဆောင်ရွက်ပေးထားကြောင်း သတင်းရရှိပါသည်။

FacebookTwitter