COVID -19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စနစ်တကျပါဝင်ဆောင်ရွက်နိုင်ရန် စေတနာ့ဝန်ထမ်း (Volunteer) များကို လေ့ကျင့် သင်ကြားပေးရေးညှိနှိုင်းဆွေးနွေး

ဧပြီလ၊ ၂၇၊ နေပြည်တော်
    COVID - 19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စနစ်တကျပါဝင်ဆောင်ရွက်နိုင်ရန် စေတနာ့ဝန်ထမ်း (Volunteer) များကို လေ့ကျင့်သင်ကြားပေးရေးနှင့်ပတ်သက်၍ စေတနာ့ဝန်ထမ်း သင်တန်း လက်စွဲစာအုပ်ပြုစုရန် မြန်မာနိုင်ငံဆရာဝန်အသင်း အသင်းဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမကြီးများနှင့် (၂၅.၄.၂၀၂၀) ရက်နေ့ ညနေပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
    ယနေ့မွန်းလွဲပိုင်းကလည်း အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ဝင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ တွဲဖက်အတွင်းရေးမှူး (၁) လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် တာဝန်ရှိသူများသည် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ စေတနာ့ဝန်ထမ်းများအတွက် သင်တန်းလက်စွဲစာအုပ်ပြုစုလျက်ရှိ သည့် အခြေအနေများနှင့်ပတ်သက်ပြီး ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။
    ထိုသင်တန်းလက်စွဲစာအုပ်တွင်ပါဝင်မည့် သင်ခန်းစာများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်းပြုစုလျက်ရှိကြောင်း နှင့် စေတနာ့ဝန်ထမ်းများအတွက်သင်တန်းလက်စွဲကို COVID -19 ရောဂါတုံ့ပြန် ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကြမည့် စေတနာ့ဝန်ထမ်း (Volunteer) များထံသို့ Online မှ ဖြန့်ဝေသင်ကြား သွားမည်ဖြစ်ပြီး လိုအပ်သော လက်တွေ့ရှင်းလင်းဆွေးနွေး သရုပ်ပြ သင်ကြားခြင်းကို စေတနာ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်မီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

 

FacebookTwitter