COVID-19 ဆိုင်ရာလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများ ကို ပံ့ပိုးကူညီနိုင်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ ၂၆.၅.၂၀၂၀
နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ Quarantine Center များနှင့် COVID-19 ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသော စေတနာ့ဝန်ထမ်းများ ကို လိုအပ်သော ပံ့ပိုးကူညီမှုများပေးနိုင်ရန် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်(၃) ဦးသည် ယနေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများသို့ နေ့ချင်းပြန်အသီးသီးသွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့်တွေ့ဆုံ၍ Quarantine Centerများဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လက်ရှိဆောင်ရွက်နေသော စေတနာ့ ဝန်ထမ်းများအတွက် စားသောက်၊ နေထိုင်ရေးနှင့် အနားယူအပန်းဖြေရေး စီစဉ်ဆောင်ရွက် ထားရှိမှုများ၊ စေတနာ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် မြေပြင်တွင်ကြုံတွေ့ရသော သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သည့် အခက်အခဲများ၊ Quarantine Center များတွင် ပံ့ပိုးကူညီပေးရန်လိုအပ်ချက်များကို အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် စေတနာ့ဝန်ထမ်းများနားနေရန်နေရာ ပြင်ဆင်ထားရှိမှုများ၊ စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းဖွင့်လှစ်နေမှုများ၊ Quarantine Centerများတွင် စေတနာ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေ မှုများကို ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ကြပြီး လိုအပ်ချက်များပံ့ပိုး ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

FacebookTwitter