ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂.၆.၂၀၂၀
ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Video Conferencing System ဖြင့် Online Meeting ပြုလုပ် ကျင်းပရာ UEHRD ကော်မတီဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက UEHRD ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီပေးခြင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  သက်ဆိုင်ရာဝန်ကြီးဌာနများ၊ Task Force များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ UEHRD ၏ လုပ်ငန်းစီမံကိန်းများမှာ ကျယ်ပြန့်သည့် အလျောက် ရခိုင်ပြည်ဆိုင်ရာတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဖွဲ့စည်းထားသည့် ဗဟိုကော်မတီများ၊ လုပ်ငန်းကော်မတီများ၏ လုပ်ငန်းများနှင့် ပတ်သက်ဆက်နွယ်နေပါကြောင်း၊ UEHRD ၏ လုပ်ငန်းများကိုအထောက်အကူပေးနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီရုံးအဖွဲ့၏ အသုံးစရိတ်များ၊ ပြည်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းများ၊ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများအတွက် သုံးစွဲခဲ့သည့် အသုံးစရိတ်များကို ပြည်တွင်း/ ပြည်ပအလှူရှင်များ၏ လှူဒါန်းထောက်ပံ့ငွေများဖြင့် ဆောင်ရွက် နေသည့်အတွက် UEHRD ကော်မတီ၏ ရန်ပုံငွေများကို စနစ်တကျသုံးစွဲရေး၊ ပြည်တွင်း၊ ပြည်ပ စာရင်းစစ်ဆေးမှုအဆင့် စာရင်းစစ်ခံနိုင်ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ UEHRD ၏  လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ပြည်သူများရင်ဆိုင်နေရာသော COVID-19 ကူးစက်ရောဂါဖြစ်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ် အစရှိသည့်အကန့်အသတ်များကြားမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ UEHRD ၏ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် UEHRD ကော်မတီအနေဖြင့် လုပ်ငန်းအဖွဲ့   Task Forces များနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ COVID -19  ကာလနှင့်  COVID -19  အလွန်ကာလများတွင် ရင်ဆိုင်ကျော်လွှားရမည့် စီးပွားရေးဆိုင်ရာ ကုစားမှုများကို စနစ်အကျအကောင်အထည်ဖော်ခြင်း၊ ကြိုတင်စီစဉ်ဆောင်ရွက်ထားခြင်းများဖြင့် UEHRD ၏ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို ထိခိုက်မှုလျော့နည်းသက်သာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် UEHRD ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးစိုးအောင်က UEHRD ၏ ရန်ပုံငွေ ရရှိ၊ သုံးစွဲ၊ လက်ကျန် စာရင်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြ သည့် ကော်မတီဝင်အသီးသီးက ဆွေးနွေးရာတွင် မိုးရာသီကာလ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရေး နှင့် ဒေသဆိုင်ရာလုံခြုံရေး၊ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်များ ပိတ်သိမ်းရေး ဆိုင်ရာ ရှေ့ပြေးစီမံချက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ UEHRD ၏ လုပ်ငန်းစဉ် များကို  ပြည်တွင်း/ ပြည်ပက ပွင့်လင်းမြင်သာစွာ အမှန်အတိုင်းသိရှိနိုင်ရေး၊ UEHRD ၏ သတင်းနှင့် ဆက်သွယ်ရေးကဏ္ဍ စွမ်းဆောင်ရည်ပိုမိုတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင် ပြည်နယ်ရှိ လက်ရှိဆောင်ရွက် လျက်ရှိသော စီမံချက်များအပြင် COVID -19   ကာလ COVID -19   စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (CERP)နှင့် လိုက်လျောညီထွေရှိသော လုပ်ငန်းရှင်များ ပါဝင်နိုင်မည့်အစီအစဉ်များ ဖော်ဆောင်ရေးတို့ကို အကြံပြုဆွေးနွေး ညှိနှိုင်းဆုံးဖြတ်ခဲ့ကြပါသည်။
အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ သူများတက်ရောက်ခဲ့ကြပြီး UEHRD ကော်မတီ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ကော်မတီဥက္ကဌ၏အကြံပေးပုဂ္ဂိုလ်ဦးတိုးအောင်၊ သတင်းနှင့်ဆက်သွယ်ရေးဒါရိုက်တာဦးကျော်မြိုင် နှင့် UEHRD ၏ စီမံခန့်ခွဲမှုအရာရှိချုပ် ဦးညီငြိမ်းအေးတို့က Online မှတဆင့် အသီးသီးဝင်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter