COVID - 19 လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင် များ၏ အတွေ့အကြုံ၊ လိုအပ်ချက်နှင့် အကြံပြုချက်များသိရှိနိုင်ရေး ဆွေးနွေး

နေပြည်တော်၊ ၉-၇-၂၀၂၀
COVID - 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၏ အတွေ့အကြုံ၊ လိုအပ်ချက်နှင့် အကြံပြုချက်များကိုသိရှိနိုင်ရေး အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်း၌ Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက COVID-19 ဖြစ်စဉ်တစ်လျှောက်လုံး ပြည်သူလူထု အနေဖြင့် စေတနာ့ဝန်ထမ်းအလုပ်များတွင် အားတက်သရောပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရ သည့်အတွက်နိုင်ငံတော်အနေဖြင့် ဂုဏ်ယူပါကြောင်း၊ အသိအမှတ်ပြုပါကြောင်း၊ ထို့ကြောင့် ယခုလိုတွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအား ရင်ထိုးတံဆိပ်များ၊ ဂုဏ်ပြုကတ်များကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လိုသော်လည်း အခြေအနေအရ တစ်ဦးချင်း မပေးအပ်နိုင်သဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တာဝန်ရှိသူများထံ ရောက်အောင်သွားပြီး ပေးအပ်ခဲ့ရပါကြောင်း၊ အဓိကအားဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် တုံ့ပြန်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များအနေဖြင့် မိမိတို့၏ အတွေ့အကြုံများ၊ လိုအပ်ချက်များကို ဆွေးနွေးပေးစေလိုကြောင်း၊  COVID-19 ကြောင့် ယခုလို ပုံစံသစ်ဖြင့် ကိုယ်တိုင်မရောက်နိုင်သော်လည်း ဝေးလံသော ဒေသအသီးသီးရှိ စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များနှင့် အချိန်တိုအတွင်း ဆွေးနွေးခွင့်ရခြင်းသည် အားသာချက် တစ်ချက်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များက မြို့နယ်အလိုက် ဆွေးနွေးကြရာတွင် Quarantine ဝင်ကြရသူများအား အစားအသောက် စီစဉ်ကျွေးမွေးရာတွင် ကာလကြာမြင့်လာသည်နှင့်အမျှ ရန်ပုံငွေ အခက်အခဲရှိမှု၊ ပြည်ပမှပြန်လည် ဝင်ရောက်လာကြသူများအား ကြိုဆိုရေးနှင့် Quarantine center များသို့ ပို့ဆောင်ရာတွင် Mask, လက်အိတ်၊ sugical gown များ လိုအပ်မှု၊ တရားဝင် ဖွင့်လှစ်ထားသည့် ဂိတ်များမှမဟုတ်ဘဲ ပြန်လည်ဝင်ရောက်လာကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်မှု၊ တရားမဝင်ပြန်လည်ဝင်ရောက်မှုများမရှိစေရေး နယ်စပ်ဂိတ်များကို သေချာစစ်ဆေးကြပ်မတ်ဆောင်ရွက်ပေးစေလိုမှု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း များနှင့် ပရဟိတအဖွဲ့များသည် ပြည်ပမှပြန်လည်ဝင်ရောက်လာကြသူများအား အမြန်လမ်း (၀)မိုင်နှင့် ဘူတာကြီးတို့၌ သွားရောက်ကြိုဆိုရာတွင် အခက်အခဲကြုံတွေ့ရမှု၊ ရထားဖြင့်ပြန်လာ ကြသည့် ပြည်ပပြန်များအား ရထားတွဲသီးခြားခွဲ၍ စီစဉ်ပေးလိုက်သော်လည်း ဘူတာကြီးသို့ ဆိုက်ရောက်ချိန်တွင် ပုံမှန်ခရီးသွားသူများနှင့် ရောနှောမှုများရှိနေ၍ စိုးရိမ်နေရမှု၊ ပြည်ပပြန်များ အား သက်ဆိုင်ရာမြို့နယ်များအလိုက် သွားရောက်ကြိုဆိုကြရာတွင် လမ်းစရိတ်များ၊ စက်သုံးဆီများ လိုအပ်မှု၊ Quarantine ဝင်ပြီး၍ မိမိဒေသသို့ ပြန်ရမည့် တချို့သူများတွင် လမ်းစရိတ်လိုအပ်မှုများ၊ လူအများစုက Mask တပ်ခြင်းနှင့် ခပ်ခွာခွာနေခြင်းတို့ အားနည်းလာမှု၊ COVID-19 နှင့်ပတ်သက် သည့် အသိပညာပေးဆောင်ရွက်မှု၊ ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်မှု၊  ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် Mask Campign (ကမ်ပိန်း)၊ လက်ဆေးခြင်း Campign (ကမ်ပိန်း)များ ဆောင်ရွက်ရန် စီစဉ်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား စိတ်ပူပန်မှုများ လျှော့ချပေးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းစီစဉ်နေမှု၊ ကျောင်းများ ပြန်ဖွင့်ပါက ဆရာ၊ ဆရာမများအနေဖြင့် စာသင်ကြားရေးအပြင် COVID-19 တားဆီးကာကွယ်ရေး ကိုပါ ကျောင်းအတွင်း၌ ဆောင်ရွက်ကြရမည်ဖြစ်သဖြင့် ၎င်းတို့အား အထောက်အကူဖြစ်စေရန် မြို့နယ်အလိုက် ပညာရေးအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းပေးစေလိုမှုများနှင့် ဂုဏ်ပြုလွှာများ မရရှိသေးသည့် ထပ်တိုး စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များအတွက် ဆောင်ရွက်ပေး စေလိုမှုများကို အသီးသီး ပြောကြားခဲ့ကြပါသည်။
ထို့အပြင် သဘာဝဘေးအန္တရာယ်နှစ်စဉ် ကြုံတွေ့ရသည့် ဒေသများရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များက ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အအုံများ၊ အသက်ကယ်လှေများ၊ အသက် ကယ်အင်္ကျီများ ပံ့ပိုးပေးစေလိုခြင်းနှင့် ဘေးအန္တရာယ်ကျရောက်ပါက ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ရာတွင်လည်း COVID-19 ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ပေး စေလိုခြင်း ကိစ္စများကို တင်ပြခဲ့ကြပါသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် တိုက်ရိုက်ကူညီ ပံ့ပိုးနိုင်သည့်ကိစ္စများကို အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ညှိနှိုင်းပေးရမည့်ကိစ္စများကိုလည်း တိုက်တွန်း ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဂုဏ်ပြုလွှာများ မရရှိသေးသည့်သူများအတွက်လည်း စာရင်းများပေးပို့စေလိုကြောင်း၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေးနှင့်ပတ်သက်သည့်ကိစ္စများကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများအား အမြန်ဆုံး ကွင်းဆင်း လေ့လာမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးမှုများ၊ အကြံပြုချက်များသည် များစွာအကျိုးရှိပါကြောင်းနှင့် COVID-19 ရောဂါကာလ ပြီးဆုံးခြင်းမရှိသေးသည့်အတွက် အားလုံးက ဆက်လက်ဝိုင်းဝန်း ကူညီပေးကြရန် တိုက်တွန်းခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter