အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ၂၈.၇.၂၀၂၀
 “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့”  အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးဦးစိုးအောင်က ၂၀၂၀ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာနတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေသည့်အခြေအနေများ၊ COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်၍ အခမ်းအနားကို Online စနစ်ဖြင့်သာ ကျင်းပနိုင်ရေး စီစဉ်ထားမှုများကို ဆွေးနွေးပြောကြား ခဲ့ပါသည်။
ထို့နောက် လူငယ်ကိုယ်စားလှယ်များက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားနှင့်ပတ်သက်၍ မိမိတို့ဒေသ အသီးသီးတွင် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အသိပညာပေးလှုံ့ဆော်မှုများကို သတင်းစာများ၊  ရုပ်သံနှင့် အသံလွှင့်မီဒီယာများက ထည့်သွင်း ထုတ်လွှင့်ပေးနိုင်ရေး၊ အခမ်းအနားသို့ လူငယ်ရေးရာ ကိစ္စရပ်များနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ပေးနိုင်ရေး၊ အခမ်းအနားမတိုင်မီ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ အစည်းအဝေးကျင်းပနိုင်ရေး၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို အတည်ပြုနိုင်ရေးနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိသည့်  ကိစ္စများကို ညှိနှိုင်းရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို  အဓိကရည်ရွယ်ချက် ပေါက်မြောက်အောင် ဆောင်ရွက်သွား စေလိုကြောင်း၊ ယခုမျက်မှောက်ကာလ၌ တစ်ကမ္ဘာလုံးတွင် ကမ္ဘာ့ကပ်ရောဂါများ၊ သဘာဝဘေး ဒဏ်များ၊ ပဋိပက္ခများနှင့် ပြဿနာများ ပိုမိုဖြစ်ပွားလျက်ရှိရာ ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်း များအပါအဝင် သက်ဆိုင်ရာကမ္ဘာ့နိုင်ငံများက နည်းမျိုးစုံဖြင့်ဖြေရှင်းနေကြရကြောင်း၊ ထိုသို့ ဖြေရှင်း ဆောင်ရွက်မှုများတွင် လူငယ်များသည် မိမိနေထိုင်ရာပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွင်း၌သာမက ကမ္ဘာ့တစ်ဝှမ်းသို့တိုင်အောင် ချိတ်ဆက်ထိတွေ့ ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း၊ လူငယ်များ သည် မိမိတို့၏ ဇွဲရှိမှု၊ ခံနိုင်ရည်ရှိမှုနှင့် ညီညွတ်မှုစွမ်းအားများဖြင့် အခက်အခဲစိန်ခေါ်မှုများကို ကျော်လွှားကြစေလိုကြောင်း၊ ယခုလတ်တလော ဖြေရှင်းဆောင်ရွက် လျက်ရှိသည့် COVID-19 လုပ်ငန်းစဉ်များတွင် စေတနာ့ဝန်ထမ်းများအဖြစ် ကိုယ်ကျိုးစွန့် ပါဝင်ဆောင်ရွက်ခဲ့ကြခြင်းသည် ညီညွတ်မှုအင်အားဖြင့် ကမ္ဘာ့ကပ်ရောဂါကို အံတုနေကြခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြုဂုဏ်ယူပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လူငယ်မူဝါဒကို ဖော်ဆောင်ခြင်း၊ မဟာဗျူဟာများ ချမှတ်ခြင်း၊ လုပ်ငန်းစီမံချက်များဖြင့် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေခြင်းများသည် အနာဂတ် မျိုးဆက်သစ်များအတွက် ရည်မှန်းဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ ယနေ့လူငယ်များ၏ စွမ်းဆောင်ရည်များကို တန်ဖိုးထား မြှင့်တင်ပေးနေခြင်းဖြစ်ကြောင်း၊ လာမည့်  ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားတွင် စိန်ခေါ်မှု ပြဿနာများကို ဖြေရှင်းရာ၌ လူငယ်တို့၏ ညီညွတ်သောအင်အားဖြင့် ပါဝင်မှုကို ထင်ဟပ်ပြသစေလိုကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့  ဒုတိယဝန်ကြီးဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA Myanmar) မှ ကိုယ်စားလှယ်တစ်ဦးနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စားလှယ် (၁၅)ဦးတို့ ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

FacebookTwitter