၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ဝန်ထမ်းသားသမီးများနှင့် လူငယ်သင်တန်းကျောင်းများ၊ မသန်စွမ်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

စက်တင်ဘာလ ၂၁ ၊ နေပြည်တော်
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းသားသမီးများနှင့် လူငယ်သင်တန်းကျောင်းများ၊ မသန်စွမ်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်အခမ်းအနားကို  Video Conferencing ဖြင့်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဦးစီးမှူးများနှင့် ဆုရကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုနှစ်တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသား/သူများအတွက် ဂုဏ်ပြုခြင်းအခမ်းအနားကို COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလဖြစ်သဖြင့် ယခုလိုပုံစံသစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးက ဆုရကျောင်းသားကျောင်းသူများ Video Conferencingတွင် ပါဝင်တက်ရောက်ကြသည်ကို တွေ့ရသည့်အတွက်လည်း ဝမ်းမြောက်မိပါ ကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ခြင်းသည် ဘဝအတွက်အပြောင်းအလဲကြီးတစ်ခုဖြစ်သဖြင့် ကျောင်းသားကျောင်းသူများ၊ မိဘများ၊ မိဘနှင့်မခြား ပြုစုစောင့်ရှောက်ပေးခဲ့ကြသော သင်တန်း ကျောင်းများနှင့် မသန်စွမ်းကျောင်းများမှ ဝန်ထမ်းဆရာ/ ဆရာမများနှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သွားသဖြင့် လေ့လာသင်ယူစရာအခွင့်အလမ်းများ လမ်းပွင့်သွားပြီဖြစ်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာများကို သင်ယူနိုင်ပြီး အလုပ်အကိုင်အခွင့် အလမ်းကောင်းများကို ဖန်တီးနိုင်တော့မည် ဖြစ်ပါကြောင်း၊  ပညာရှိသည်ဟုဆိုရာ၌ သင်ယူခြင်း၊ တတ်မြောက်အောင် လေ့ကျင့်ခြင်းအပြင် စဉ်းစားချင့်ချိန်နိုင်ခြင်းဖြစ်ပါကြောင်း၊ ယခုတက္ကသိုလ်ဝင်တန်း အောင်မြင်သူများသည် အသက်(၁၈) နှစ်အောက်များဖြစ်သဖြင့် ကလေးသူငယ်အခွင့်အရေး(၄)ရပ်ဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်နှင့် ကာကွယ်စောင့်ရှောက်ခံယူပိုင်ခွင့်များကို ရရှိခဲ့ကြသည့်နည်းတူ  မြန်မာနိုင်ငံ၏ လူငယ်ရေးရာမူဝါဒအရ အသက်(၁၅)နှစ်မှ (၃၅) နှစ်အထိကို လူငယ်ဟုသတ်မှတ်ထား သဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအနေဖြင့် လူငယ်ကဏ္ဍတွင် အကောင်အထည်ဖော်မည့် စီမံချက်များတွင် မိမိတို့ကိုယ်တိုင်ပါဝင်တာဝန်ယူဆောင်ရွက်နိုင်ပြီး အကျိုးခံစားခွင့်များကိုလည်း ရရှိနိုင်ကြကြောင်း၊ လူငယ်ဘဝတွင် လူကြီးများထံမှ အတွေ့အကြုံဗဟုသုတကောင်းများကို လက်ဆင့်ကမ်းရယူပြီး မိမိတို့လက်ထက်တွင် ရိုးသားခြင်း၊ ကြိုးစားခြင်းတို့ဖြင့် မိမိနှင့် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြပြီး နောင်မျိုးဆက်သစ်များအတွက် ကောင်းမွေများကို ချန်ရစ် နိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းများကို ပေးအပ် ချီးမြှင့်ခဲ့ရာ (၆)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၆)ဦးနှင့် ရိုးရိုးအောင်မြင်သော ကျောင်းသား/ ကျောင်းသူ(၃၂)ဦးတို့အတွက် စုစုပေါင်းဂုဏ်ပြုချီးမြှင့်ငွေ (၇,၁၅၀,၀၀ဝိ/-)(ကျပ်ခုနှစ်ဆယ့်တစ်သိန်း ငါးသောင်းတိတိ)ကို ချီးမြှင့်ခဲ့ပါသည်။ ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရသော ကျောင်းသားကျောင်းသူများတွင် မသန်စွမ်းကျောင်းသား၊ ကျောင်းသူ(၁၇)ဦး ပါဝင်ကြောင်း သတင်းရရှိပါသည်။  

FacebookTwitter