ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး၏ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ၂၉.၉.၂၀၂၀
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်တိုင်းဒေသကြီး၏ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ ရေးလုပ်ငန်းများတွင် ကူညီဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရေး ကိစ္စများကို ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့် ယမန်နေ့နံနက်ပိုင်းတွင် အွန်လိုင်း စနစ်ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုများနှင့် ဆက်လက်၍ အထူးဆောင်ရွက်ပေးနိုင်မည့် ကိစ္စများကို ညှိနှိုင်းဆွေးနွေးမည် ဖြစ်ပါကြောင်း၊ COVID – 19 စတင်ဖြစ်ပွာစဉ်ကတည်းက မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနအားလုံးသည် နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးတွင်  COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် အင်တိုက်၊ အားတိုက်ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု COVID – 19 ဒုတိယလှိုင်းဖြစ်ပွားချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့်ကူးစက်ပြန့်ပွားလျက်ရှိရာ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ မူလတာဝန်များနှင့် ဆက်စပ်၍ မည်ကဲ့သို့ ပိုမိုကူညီဆောင်ရွက်ပေးနိုင်မည်ကို ဆွေးနွေးလို ပါကြောင်း၊ COVID – 19 အရေးသည် အဓိက ကျန်းမာရေး ကပ်ရောဂါဘေးပြဿနာဟု ဆိုသော်လည်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စများနှင့် အထူးဆက်စပ်လျက်ရှိကြောင်း၊ ကြီးမားသောကပ်ဘေး အန္တရာယ်ကျရောက်နေခြင်းဖြစ်သည့် အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအနေဖြင့် ကမ္ဘာ့နိုင်ငံများမှာ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို လေ့လာပြီး မိမိတို့ ပုံမှန်ဆောင်ရွက်နေကျ လုပ်ငန်း များအပြင် ထပ်မံအားဖြည့် ဆောင်ရွက်ရမည့်နည်းလမ်းများကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ကြရန် ဖြစ်ပါကြောင်း၊ ရရှိလာသည့် နည်းလမ်းများကို အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များ ချမှတ် နိုင်ရေးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာလအတွင်း ကူးစက်ပြန့်နှံ့မှုနှင့် ပတ်သက်၍ တစ်ဦးချင်း ကျန်းမာရေးအသိ ရရှိစေရန်အတွက် အကြိမ်ကြိမ် အသိပညာပေးခြင်း၊ လိုအပ်သော ရောဂါကာကွယ်ရေးပစ္စည်းများ ပံ့ပိုးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်းချုပ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကန့်သတ်မှုများ တင်းကြပ်စွာ ဆောင်ရွက်နေပြီဖြစ်ရာ ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများအား သင်တန်းများပေးခြင်း၊ ပံ့ပိုးကူညီခြင်း၊ စိတ်ဓါတ်မြင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကုသရေးနှင့်ပတ်သက်၍ ယခင်က ရောဂါကူးစက်ခံရသူများအား တိုင်းဒေသကြီးဆေးရုံကြီးများတွင် ကုသပေးရာမှ ယခုအခါ ခရိုင်၊ မြို့နယ်ဆေးရုံးများမှာပါ ကုသူမှုပေးရန် ပြောင်းလဲဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအနေဖြင့် ဆေးရုံများမှာ ကုသမှုခံယူနေကြသည့် ပြည်သူများကို သဘာဝဘေးအန္တရာယ်ကြောင့် ကယ်ဆယ်ရေးစခန်းများမှာ ရောက်ရှိနေသကဲ့သို့ သဘောထားပြီး ပံ့ပိုးကူညီမှုများ ပေးနိုင်ရေး စဉ်းစာပေးရမည်ဖြစ်ကြောင်း၊ တုံ့ပြန်ရေးလုပ်ငန်းများမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ဆောင်ရွက်နေသည်များရှိပါကြောင်း၊ ထို့ကြောင့် COVID -19 စိန်ခေါ်မှုကို ကျော်လွှားနိုင်ရန်  ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနက ပြောင်းလဲဆောင်ရွက်မှုများအရ မိမိတို့ဝန်ကြီးဌာနကလည်း မည်သည့်နည်းလမ်းဖြင့် ပါဝင် အားဖြည့်ဆောင်ရွက်နိုင်မည်ကို ဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးက COVID – 19 ကာလအတွင်း ဦးစီးဌာနများအနေဖြင့် မိမိတို့၏ ချမှတ်ထားသော မဟာဗျူဟာများအရ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများ၊ ညွှန်ကြားချက်များကို အသိနှင့်သတိ မလွတ်စေဘဲ လိုက်နာဆောင်ရွက်ကြရန်အရေးကြီးကြောင်း၊ လက်ရှိလုပ်ငန်းများ အပြင် COVID  - 19 လုပ်ငန်းစဉ်များ၌ မည်သည့်ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ညှိနှိုင်းဆွေးနွေးကြရန် ပြောကြားခဲ့ပါသည်။
    ထို့နောက် ညွှန်ကြားရေးမှူးချုပ်များက လူမှုကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့များ၊ ဘေးအန္တရာယ်ဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ ပြန်လည်ထူထောင်ရေး ထောက်ပံ့မှုများစသည့် ကဏ္ဍအလိုက်ထောက်ပံ့မှုများ၌ COVID – 19 လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီနိုင်မည့်ကိစ္စများ၊ လက်ရှိ ပါဝင်ဆောင်ရွက်မှုနှင့် ထောက်ပံ့မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
    ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးရှိ ဦးစီးဌာနညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ သင်တန်းကျောင်းများ၊ ဂေဟာများရှိ တာဝန်ရှိသူများက COVID – 19 ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဌာနအလိုက်၊ သင်တန်းကျောင်းများအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်မည့် ကိစ္စများကို တင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter