ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အာဆီယံလူငယ်ခေါင်းဆောင်များညီလာခံသို့ Video Conferencing စနစ်ဖြင့် တက်ရောက်၍ မိန့်ခွန်းပြောကြား

နေပြည်တော်၊ ၃-၁၁-၂၀၂၀
အာဆီယံအလှည့်ကျဥက္ကဌအဖြစ်ဆောင်ရွက်လျက်ရှိသည့် ဗီယက်နမ်နိုင်ငံက ဦးဆောင်၍ ကျင်းပသော လူငယ်ခေါင်းဆောင်များဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့်ညီလာခံကို ယနေ့မွန်းလွဲ ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။
အဆိုပါ ညီလာခံကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့် အာဆီယံနိုင်ငံအသီးသီးမှ လူငယ်များ၏အရေးကိစ္စကိုဆောင်ရွက်လျက်ရှိသောဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ညီလာခံ၌ ဗီယက်နမ်နိုင်ငံလူငယ်ရေးရာဆိုင်ရာအဖွဲ့ချုပ်ဥက္ကဌနှင့် ဝန်ကြီး H.E. Mr. Nguyen Anh Tuan နှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Dato Lim Jock Hoi တို့က အဖွင့်အမှာစကားအသီးသီးပြောကြား၍ ဖွင့်လှစ်ပေးပြီးနောက် အာဆီယံနိုင်ငံအသီးသီးမှ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားသည့် အစီအစဉ် တွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံအနေဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်နေမှုများကို မိန့်ခွန်းပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် လူငယ်များဖွံ့ဖြိုးတိုးတက် ရေးနှင့်ပတ်သက်၍ အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် မိမိတို့အစိုးရ တက်ရောက်လာသည့် ၂၀၁၆ ခုနှစ်မှစတင်၍ လူငယ်ရေးရာမူဝါဒရေးဆွဲရေးကို ဦးစားပေးအနေဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ လူငယ်ရေးရာမူဝါဒကို  လူငယ်ကိုယ်စားလှယ်များ၏ အဓိကပါဝင်မှုဖြင့် ရေးဆွဲခဲ့ကြရာ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြု နိုင်ခဲ့ပါကြောင်း၊ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် မိတ်ဆက်ဖြန့်ချိပေးခဲ့ပြီး လူငယ်များနှင့်ပတ်သက်၍ အစိုးရအဖွဲ့၏အလေးအနက်ထားမှုကို ပြသ ခဲ့ပါကြောင်း၊ အဆိုပါမူဝါဒကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာစီမံချက်ကိုရေးဆွဲအတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌  လူငယ်များသည်  ကိုဗစ် - ၁၉ ကပ်ရောဂါဆိုင်ရာ လုပ်ငန်းများတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်များအပါအဝင် စေတနာ့ဝန်ထမ်းများ၏ဆောင်ရွက်မှုများကို အားပေး ကူညီနိုင်ရန်နှင့် လိုအပ်သည့်ပံ့ပိုးကူညီမှုများပြုလုပ်နိုင်ရန် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်း၍ စေတနာ့ဝန်ထမ်းများအတွက် ကူညီပံ့ပိုးမှုများ၊ လိုအပ်သော သင်တန်း များ၊ လက်စွဲစာအုပ်များအပြင် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများကို အသိအမှတ်ပြု ဂုဏ်ပြုခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးစသည့် အနာဂတ် အတွက် အရေးပါသည့်လုပ်ငန်းစဉ်များတွင် လူငယ်များစိတ်ဝင်တစားပါဝင်ဆောင်ရွက်ခွင့် ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့် စိန်ခေါ်မှုများရင်ဆိုင်နေကြရာ တီထွင်ဖန်တီးမှုများ၊ ဆန်းသစ်သောအကြံဉာဏ်များနှင့် နည်းပညာအပေါ် မှီခိုအားထားရမှုများပိုမိုလိုအပ်လာရာ လူငယ်များ၏အခန်းကဏ္ဍမှာ ပိုမို၍ အရေးပါ လာပါကြောင်း၊  မြန်မာနိုင်ငံတွင် ဒေသအသီးသီး၌ လူငယ်ကွန်ရက်များဖွဲ့စည်းထား ပြီးဖြစ်ရာ မြန်မာလူငယ်များအနေဖြင့် အာဆီယံနိုင်ငံအသီးသီးမှ လူငယ်များနှင့် ကူးလူး ဆက်သွယ်၍ ဒေသအရေး၊ အာဆီယံအရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ရန် အသင့်ရှိနေကြ ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသင်း(မြန်မာ)ကို ၂၀၁၉ ခုနှစ်က ဖွဲ့စည်းထားပြီး ယင်းအသင်းတွင် လူငယ်ကိုယ်စားလှယ်(၂)ဦးက အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများ အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အာဆီယံလူငယ်ဆိုင်ရာအတွေ့အကြုံဖလှယ်ပွဲများ၊ စွန့်ဦးတီထွင် မှု အစီအစဉ်များနှင့် ပြပွဲများကိုအာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကိုဆက်လက်၍ ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်သလို အာဆီယံလူငယ်ကွန်ရက်များ ပိုမိုအားကောင်းစွာဆောင်ရွက်နိုင်ရေးကိုလည်း အားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ညီလာခံကိုဆက်လက်ကျင်းပခဲ့ပြီးနောက် အာဆီယံနိုင်ငံများမှ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာအာဆီယံလူငယ်ရေးရာဝန်ကြီးများ၏ ပူးတွဲကြေငြာချက် ကို အတည်ပြုပြဌာန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter