ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး COVID-19 ကာလ မူကြိုအရွယ် ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ မကျန်ရစ်စေရေး ညှိနှိုင်းဆွေးနွေး

                     
    COVID-19 ကပ်ရောဂါကြောင့် မူလတန်းကြိုကျောင်းများ ယာယီပိတ်ထားသော ကာလအတွင်း မူကြိုအရွယ်ကလေးငယ်များ ဖွံ့ဖြိုးမှု နောက်ကျ မကျန်ရစ်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက Virtual Meeting ပုံစံဖြင့်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဦးစီးမှူးများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနမှနည်းပြများ တက်ရောက်ခဲ့ကြ ပါသည်။
    ပြည်ထောင်စုဝန်ကြီးက ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပြောင်းလဲလျက်ရှိသည့် ဖြစ်စဉ်တစ်ခုဖြစ်ရာ မှန်ကန်သောနည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်ကာကွယ်မှု လိုအပ်ကြောင်း၊ ယခု COVID-19 ကာလတွင် မူလတန်းကြိုကျောင်းများ ယာယီပိတ်ထားရသောကြောင့် မူကြိုကလေးငယ်များ အတွက် ဖွံ့ဖြိုးတိုးတက်မှု အရှိန်မပျက်ရရှိစေရန် ဆောင်ရွက်ပေးနိုင်ရေး နည်းလမ်းများ ရှာဖွေ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ကလေးငယ်များအတွက် အချိန်ကို စောင့်ဆိုင်းနေ၍ မရကြောင်း၊ COVID-19 ကာလသည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို မသိနိုင်သေးကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများက COVID-19 နှင့်ယှဉ်တွဲ၍ ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရှိရကြောင်း၊ ပုံစံသစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်၍ စနစ်တကျ စီမံချက်ချမှတ်ပြီး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များအားလုံး ဟန်ချက်ညီညီ တပြိုင်နက်တည်း ရရှိနိုင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက  ဆောင်ရွက်ရန် တာဝန်ရှိ သည့်ကဏ္ဍဖြစ်၍ COVID-19 စိန်ခေါ်မှုများကို ရင်ဆိုင်လျက် ဆန်းသစ်တီထွင်မှုများ၊ လိုက်လျောညီထွေ ဆောင်ရွက်ထားရှိမှုများ၊ တွေ့ကြုံရသော အခက်အခဲများ၊ ဆက်စပ်အဖွဲ့အစည်းများ၊ မိဘများ မိသားစုဝင် များနှင့် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
      ထို့နောက် တက်ရောက်လာသူများက ရှေးဦးအရွယ်ကလေးသူငယ်ဆိုင်ရာ ပြုစုပျိုးထောင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များတွင် ကလေးငယ်များအတွက်  COVID-19 ကာလ သင်ကြား လေ့ကျင့် ပြုစုကာကွယ်စောင့်ရှောက်မှုများကို Social Media၊ ရုပ်မြင်သံကြား၊ FM ရေဒီယိုများ၊ Online Meeting များ စသည့်နည်းလမ်းပုံစံအသစ်များဖြင့် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်မည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယ၀န်ကြီးဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးတို့က ပြန်လည် ဆွေးနွေးရာ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် စီမံချက်များကို ရွေးချယ်ပြီး Facebook Page များ၊ Web Page များမှ ကလေးငယ်များ၊ မိဘများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း Video Clip များ ရိုက်ကူး ထုတ်လွှင့်ခြင်း၊ TV ရေဒီယို အစီအဉ်များဖြင့် ဆောင်ရွက်ခြင်း၊  မိဘများအတွက် ပညာပေးခြင်း၊ ဆရာ၊ ဆရာမများအတွက် ပုံစံသစ်ဖြင့် သင်ကြားမှုဆိုင်ရာ သင်တန်းပေးခြင်းများကို Online ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည့်ကိစ္စများကို ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်၊
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် မိမိတို့၏ ဆောင်ရွက်သည့် စီမံချက်များတွင် တိုင်းရင်းသားဒေသများရှိ ကလေးသူငယ်များအတွက် သက်ဆိုင်ရာ ဘာသာစကား အသုံးပြုမှုများကို အလေးထားရမည်ဖြစ်ကြောင်း၊ COVID-19 နှင့် ယှဉ်တွဲ၍ မိဘများနှင့် မိသားစုဝင်များ၏ ပူးပေါင်းပါဝင်မှုသာမက ကလေးများကိုယ်တိုင်ပါဝင်မှုဖြင့် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter