အမြင်အာရုံနှင့်အကြားအာရုံချို့ယွင်းသူ မသန်စွမ်းသူများအသုံးပြုနိုင်သော ဘေးအန္တရာယ် (၉)မျိုး အသိပညာပေး မျက်မမြင်လက်စမ်းစာအုပ်နှင့် လက်သင်္ကေတပြ ဘာသာစကားပါ ဗီဒီယိုဖိုင်များလက်ခံခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းဆောင်ရွက်

ဇန်နဝါရီ  ၇ ၊ နေပြည်တော်
    အမြင်အာရုံနှင့် အကြားအာရုံချို့ယွင်းသူ မသန်စွမ်းသူများအသုံးပြုနိုင်သော ဘေးအန္တရာယ် (၉)မျိုး အသိပညာပေး မျက်မမြင်လက်စမ်းစာအုပ်နှင့်  လက်သင်္ကေတပြ ဘာသာစကားပါ ဗီဒီယိုဖိုင်များ လက်ခံခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ယနေ့နံနက်ပိုင်းကကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်   Plan International Myanmar မှ Country Director တို့ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ မျက်မမြင်လက်စမ်းစာအုပ်များနှင့် ဗီဒီယိုဖိုင်များ လွှဲပြောင်းပေးရခြင်းနှင့် စပ်လျဉ်း၍ Plan International Myanmar ၏ Country Director, Mr. Haider Yaqub က ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ရှေးဦးအရွယ်ကလေးသူငယ် များ၊ လူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ၏ လူတစ်ဦးချင်း အခွင့်အရေးများ ခံစားရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး တာဝန်ယူကြိုးပမ်းလျက်ရှိကြောင်း၊ သဘာဝ ဘေးအန္တရာယ်များနှင့် လူ့ကြောင့်ဖြစ်သောဘေးအပေါင်းကို ကြိုတင်ကာကွယ်ခြင်းနှင့် အလျင်အမြန်တုန့်ပြန်ဆောင်ရွက်ခြင်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြင့် ဖွံ့ဖြိုး တိုးတက်ရေး အဟန့်အတားဖြစ်စေမှုများကို ကျော်လွှားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေဘဲ ပြည်သူအားလုံး သာတူညီမျှ ခံစားရရှိရေးမူကိုလည်း လက်ကိုင်ထားရှိကြောင်း၊ မသန်စွမ်းသူများသည် ဘေးအန္တရာယ်များကျရောက်ပါက ထိခိုက်နိုင်မှု ခံစားရခြေ မြင့်မားသောသူများဖြစ်ကြောင်း၊ မသန်စွမ်းသူများအတွက် ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး အချက်အလက်များ လက်လှမ်းမီရရှိရေးရည်ရွယ်ပြီး သဘာဝဘေး(၉) မျိုးဖြစ်သော မီး၊ ရေ၊ လေပြင်း၊ မုန်တိုင်း၊ မိုးခေါင်ရေရှား၊ ငလျင်၊ ဆူနာမီ၊ မိုးကြိုးနှင့် မြေပြိုဘေးတို့ကို အမြင်အာရုံချို့ယွင်းသူများ ဖတ်ရှုလေ့လာနိုင်သော မျက်မမြင်လက်စမ်းစာအုပ်များနှင့် အကြားအာရုံ ချို့ယွင်းသူများ အတွက် လက်သင်္ကေတပြ ဘာသာစကားပါဝင်သော ဗီဒီယိုဖိုင်များကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ကြည့်မြင်တိုင် မျက်မမြင်ကျောင်းနှင့် Plan International Myanmar တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယနေ့အခမ်းနားတွင် ထိုအထောက်အကူပြုစာအုပ်များနှင့် ဗီဒီယိုဖိုင်များကို အလှူရှင် Plan International Myanmar က ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအတွက် ကုလသမဂ္ဂ၏ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကို အလေးထား ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်ရေး စီမံချက်တွင်ပါဝင်သော ဘေးအန္တရာယ်ထိတွေ့ခံစားနိုင်ခြေ အမြင့်မားဆုံးသူများကို ဦးစားပေး၍ဆောင်ရွက်ခြင်း အစီအစဉ်တို့အတွက် ထိရောက်သော အထောက်အပံ့ ပြုခြင်း ဖြစ်ကြောင်း၊ မသန်စွမ်းသူများအနေဖြင့် ဘေးအန္တရာယ်တုန့်ပြန် ဆောင်ရွက်နိုင်စွမ်း မြင့်မားလာစေရန် သဘာဝဘေးအသိပညာပေးမှုများကို လက်လှမ်းမီစေရေး ယခုလိုကြိုးပမ်း ဆောင်ရွက်ရာမှာ Plan International Myanmar ၏ ပူးပေါင်းမှုအတွက် ကျေးဇူးတင် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဘေးအန္တရာယ် (၉) မျိုး အသိပညာပေး မျက်မမြင်လက်စမ်း စာအုပ်များနှင့်  လက်သင်္ကေတပြဘာသာစကားပါ ဗီဒီယိုဖိုင်များကို လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘေးအန္တရာယ် (၉)မျိုး အသိပညာပေး မျက်မမြင်လက်စမ်းစာအုပ်များနှင့်  လက်သင်္ကေတပြ ဘာသာစကားပါ ဗီဒီယိုဖိုင်များကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။
ထိုဘေးအန္တရာယ် (၉)မျိုး အသိပညာပေး မျက်မမြင်လက်စမ်းစာအုပ်များနှင့်  လက်သင်္ကေတပြ ဘာသာစကားပါ ဗီဒီယိုဖိုင်များကို မသန်စွမ်းသူများအသင်းချုပ်၊ မသန်စွမ်း အဖွဲ့အစည်းများမှတဆင့် မသန်စွမ်းသူများလက်ဝယ်အရောက် ဆက်လက် ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter