မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၂၁) ကျင်းပ

နေပြည်တော်   ၂၂.၆.၂၀၂၁
    မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့နံနက်တွင် နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်တက်ရောက်၍လည်းကောင်း၊ Online မှတက်ရောက်၍လည်းကောင်း ပုံစံ(၂)မျိုးပေါင်းစပ်ကျင်းပပြုလုပ်ခဲ့ပါသည်။ 
အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီး ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ 
     ရှေးဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ကျား၊ မဆိုင်ရာကိစ္စရပ်များကို အစိုးရ၏မူဝါဒများတွင် ထည့်သွင်းပေါင်းစပ်နိုင်ရေးအတွက် ၀န်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်နှင့် အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားတစ်ခုအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအား ဖွဲ့စည်းထားရှိခဲ့ပြီး မြန်မာနိုင်ငံရှိအမျိုးသမီးများအတွက် လိုအပ်သည့်မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်ပေးခြင်း၊ ဥပဒေများရေးဆွဲအတည်ပြုခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း အမျိုးသမီးရေးရာ ကိစ္စရပ်များနဲ့ပတ်သက်ပြီး ဆက်သွယ်ဆောင်ရွက်ပေးခြင်းတို့ကို အဓိကတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
    အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကျယ်ပြန့်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ (၃.၃.၂၀၂၁)ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၁ ဖြင့်  ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကော်မတီအား မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန်(၇)ရပ်ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊  နေပြည်တော်ကော်စီ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီများကို ဒေသအဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနဲ့ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီး ကော်မတီများအကြား တိုင်းဒေသကြီး/ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်နိုင်ရေးအတွက်  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေးကို တစ်နှစ်လျှင် (၂)ကြိမ်ကျင်းပ ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်း၊ ဒေသအလိုက် အကောင်အထည် ဖော်ဆောင်ရွက်မှုများအပေါ် လိုအပ်သည့် ကြီးကြပ်လမ်းညွှန်မှုများဆောင်ရွက်ခြင်း၊ ရှေ့လုပ်ငန်း စဉ်များချမှတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုဆောင်ရွက်ရာမှာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women - NSPAW) (၂၀၁၃-၂၀၂၂) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ မဟာဗျူဟာစီမံကိန်းသည် ရှေ့လာမည့်နှစ်တွင် NSPAW သည် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်တာကြောင့် အမျိုးသမီးများအတွက် ပိုမိုထိရောက်အကျိုးရှိသည့် လုပ်ငန်းစဉ်များချမှတ်နိုင်ရေး ရည်ရွယ်ကာ သုံးသပ်ခြင်း၊ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိကြောင်း၊ အကောင်အထည် ဖော်ဆောင်ရွက်သည့်နေရာမှာ အမျိုးသမီးကော်မတီအဆင့်ဆင့်ရဲ့ ပါဝင်ဆောင်ရွက်မှုများဟာ အဓိကအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း မူဝါဒတွေ၊ လုပ်ငန်းစီမံကိန်းတွေ ချမှတ်ဖော်ဆောင်လျက်ရှိသလို ဥပဒေရေးရာကဏ္ဍအနေနဲ့လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို ဥပဒေကြောင်းအရ ကာကွယ်ပေးနိုင်ဖို့အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)ကို ရေးဆွဲလျက်ရှိပါ ကြောင်း။ 
    မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို သတင်းပို့ တိုင်ကြားနိုင်ရေးအတွက် (၂၄) နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ထူထောင်ပြီး  အကြမ်းဖက်ခံရသူများကို စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးပေးခြင်း၊ လုံခြုံရေး အတွက် နားခိုရာနေရာများ စီစဉ်ပေးခြင်း၊ တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကြောင်း စရိတ်ထောက်ပံ့ပေးခြင်း၊ အခြားသောဝန်ဆောင်မှုများ ရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေးခြင်းများ ကိုလူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager) (၂၅၀)ဉီးဖြင့် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း
အကြမ်းဖက်ခံရသူများကို ပံ့ပိုးပေးမှုအနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော် ၊ မုံရွာ စတဲ့ နေရာ (၆)ခုမှာ One Stop Women Support Center (OSWSC) များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိပါကြောင်း။
    အမျိုးသမီးများ၏ ဘဝကိုအားပေးမြှင့်တင်ခြင်းသည် ၎င်းတို့၏ မိသားစုကို တိုးတက် စေခြင်းဖြစ်သလို စီးပွားရေးဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှမှုတို့ကိုပါ ထပ်ဆင့်ရရှိစေမှာ ဖြစ်ပါကြောင်း၊ အမျိုးသမီးအရေးကိစ္စရပ်များ ဆောင်ရွက်နေသည့် အဖွဲ့အစည်း အသီးသီးအနေနဲ့ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်၊ ရည်မှန်း ချက်များနဲ့ ဆီလျော်သည့် အသင်းအဖွဲ့စည်းမျဉ်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကို သုံးသပ် နိုင်ရေးအတွက် နိုင်ငံတကာရှိ အလားတူအမျိုးသမီးအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံစည်းမျဉ်းများကို လေ့လာကာ အဖွဲ့အစည်းတစ်ခုစီအတွက် ကိုယ်ပိုင်ရပ်တည်ချက်၊ သဘောသဘာဝအပေါ် မူတည်၍ ကိုးကားအသုံးပြု၍ရနိုင်မည့် ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ နည်းပညာအကူအညီတွေကို ပံ့ပိုးကူညီ ဆောင်ရွက် ပေးသွားရန်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)ရေးဆွဲထားရှိမှုအခြေအနေ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ရေးဆွဲမှုအခြေအနေနှင့် ၂၀၂၁ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ ကျင်းပရေးအတွက် ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ လုံးဆိုင်ရာအမျိုးသမီးကော်မတီအစည်းအဝေး (၂/၂၀၂၀)၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် များကို တင်ပြဆွေးနွေးခဲ့ပါသည်။
    အစီအစဉ်အရ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီများမှ ဥက္ကဋ္ဌ များမှ ဒေသတွင်းအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်ထားမှုများကိုတင်ပြခြင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် အမျိုးသမီးအဖွဲ့အစည်းများ၏ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများအား တင်ပြဆွေးနွေးကြပါသည်။
    အစည်းအဝေးတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆုံးဖြတ်ချက်(၉)ရပ်ကို ချမှတ်ခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေး အား  ရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter