လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

၁၂.၆.၂၀၂၁၊ နေပြည်တော်
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) အား ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လူကိုယ်တက်ရောက်ခြင်းနည်းလမ်းဖြင့်လည်းကောင်း Zoom  မှ တဆင့် Online နည်းလမ်းဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 
လုပ်ငန်းကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့၏ လုပ်ငန်းကော်မတီသည် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဦးဆောင်မှုဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာမှာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းမှုပြုနိုင်ရေး ဆောင်ရွက်နေသည့် ကော်မတီဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက်ပိုင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အမိန့်ကြေညာစာအမှတ် (၁/၂၀၂၁) ဖြင့် (၁၃.၅.၂၀၂၁) ရက်နေ့တွင် လုပ်ငန်းကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ လက်ရှိတွင် ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်မှုနှင့်ပတ်သက်ပြီး မြေပြင်အကောင်အထည်ဖော်မှုမှာ စိန်ခေါ်မှုများစွာ ရှိသော်လည်း အားလုံးဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားကြရမည်သာ ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အထူးသဖြင့် ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ရာတွင် စနစ်တည်ဆောက်ခြင်းမှာ အရေးကြီးပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးမပြု၍ မရတော့ပါကြောင်း၊ ပြီးပြည့်စုံအောင် စဉ်းစားတည်ဆောက်ထားသည့် ဒစ်ဂျစ်တယ် Platform တစ်ခုမရှိဘဲ ရာခိုင်နှုန်းအပြည့်နီးပါး မှန်ကန်တိကျသည့် အစီအစဉ်တစ်ခုမဖြစ်နိုင်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ အရှည်တည်တံ့နိုင်ဖို့အတွက် လူမှုရေး အထောက်အပံ့ဥပဒေ(မူကြမ်း)ကို စတင်ရေးဆွဲနေပါကြောင်း၊ အပြီးသတ်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဆွေးနွေးသွားခဲ့ပါသည်။ 
ဆက်လက်ပြီး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများ၏ အကျိုးကျေးဇူးများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများ အား ဆွေးနွေးခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်လျက်ရှိသော လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုများအားလည်းကောင်း၊ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းများအတွက် အထောက်အကူပြုလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်မှုများအား တင်ပြဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းနှင့် ကော်မတီအဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
 

FacebookTwitter