အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပခြင်း

၁.၁၀.၂၀၂၁၊ နေပြည်တော်

       အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို  ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမတွင်ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားသို့ လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ Online အစီအစဉ်ဖြင့် လည်းကောင်း တက်ရောက်ပေးကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ ဖိတ်ကြားခံဘိုးဘွားများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေဟု ဦးစွာပထမ နှုတ်ခွန်းဆက်သ အပ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ သက်ကြီးရွယ်အိုများသည် မိမိတို့မိသားစုများနှင့် လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့သည်ကို အသိအမှတ်ပြု ကျေးဇူးတင်သောအားဖြင့်လည်းကောင်း၊ လူမှုအဖွဲ့အစည်းအတွက် သက်ကြီးရွယ်အိုများသည် အကျိုးရှိနေဆဲ၊ အကျိုးပြုအသုံးဝင်နေဆဲဖြစ်သည်ကို အသိအမှတ်ပြုသောအားဖြင့်လည်းကောင်း အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို (၁၉၉၉) ခုနှစ်ကတည်းက နှစ်စဉ်မပျက်မကွက် ကျင်းပဂုဏ်ပြု ခဲ့ပါကြောင်း၊ ယခင်နှစ်များက အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်‌ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်များတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်ကစ၍ Online အစီအစဉ်ဖြင့် ကျင်းပခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အိုများ၏ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းများကို အားပေးသည့် အနေဖြင့်  စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်ထားသည့် ဘိုးဘွားရိပ်သာများကို တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ နည်းပညာနှင့် ငွေကြေးထောက်ပံ့မှုပေးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၁၄)နှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ (၂၀၁၆)နဲ့အညီ သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရေး အတွက် ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် အသက်(၁၀၀)နှစ်အထက်ကစခဲ့ပြီး ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် ကစပြီး အသက်(၉၀)နှစ်နှင့်အထက်၊  ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင် အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင်ထောက်ပံ့မှုအစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာမှ  လက်ရှိတွင်  အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား(၂၅၀,၀၀၀)ဦးခန့် ရှိနေပြီဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများနှင့် မျိုးဆက်သစ်လူငယ်များ အပြန်အလှန် ကူညီစောင့်ရှောက်နိုင်ရေးအတွက် သက်ကြီးရွယ်အိုများဦးဆောင်ပြီး  အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ လူငယ်များပါဝင်သည့် “Inclusive Self-Help Group” “လူမှုအားမာန်” အဖွဲ့ပေါင်း(၂၂၂)ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ၎င်းအဖွဲ့များ၏  လုပ်ငန်းဆောင်ရွက်ချက်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် မတည်မှုရန်ပုံငွေအနေဖြင့် ကျပ်(၁၀)သိန်းစီ  ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊

     ထို့အပြင် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို (၂၀၁၈) ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး ၊ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း ပြောင်းလဲတိုးတက်လာသည့် ဝန်ကြီးဌာနများနဲ့ အညီ ပြင်ဆင်ဖွဲ့စည်းနိုင်ဖို့    တင်ပြထားပါကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေပါ ဖော်ပြချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့လည်း  သက်ကြီးရွယ်အိုများ ဆိုင်ရာနည်းဥပဒေကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ အနှစ်သာရပြည့်ဝသည့် နှစ်တစ်နှစ်ဖြစ်စေဖို့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက “Digital Equity for All Ages” “သာတူညီမျှ ဒစ်ဂျစ်တယ်ကဏ္ဍ သက်ရွယ်မရွေး ပါဝင်ကြ” ဆိုသည့်  ဆောင်ပုဒ်ကို ယခုနှစ်အတွက် ရွေးချယ်ထားပါကြောင်း၊ “International Telecommunications Union (ITU)မှ ထုတ်ပြန်ထားသည့် အစီအရင်ခံစာအရ လက်ရှိကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများသည် နည်းပညာပိုင်းဆိုင်ရာ အသုံးပြုမှုနည်းပါးသေးသောကြောင့် နည်းပညာပိုင်း သုံးစွဲမှု ပိုမိုကျယ်ပြန့်အောင် ပံ့ပိုးကူညီဆောင်ရွက်ဖို့ လိုအပ်လျှက်ရှိပါကြောင်း၊

     ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့လုံးဆိုင်ရာကပ်ရောဂါအဖြစ် သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါပိုးဟာ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ ယောက်ျားမိန်းမ၊ ကလေးလူကြီး မခွဲခြားဘဲ ဘယ်သူ့ကိုမဆို ဝင်ရောက်နိုင်သည့် ရောဂါဖြစ်ပါကြောင်း၊ အထူးသဖြင့်  ထိခိုက်လွယ် အုပ်စုမှာ ပါဝင်သည့် သက်ကြီးရွယ်အိုများအတွက် ပိုမိုကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါ ကြောင်း၊

ထို့ကြောင့် မြန်မာနိုင်ငံတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် နိုင်ငံတစ်ဝန်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ အသက် (၅၅)နှစ်အထက်များအထိ လျော့ချပြီး ကာကွယ်ဆေး ထိုးနှံနေပါကြောင်း၊

     အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးကို ယခင်နှစ်များကဲ့သို့ပဲ  ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းစီကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှတစ်ဆင့် လွှဲပြောင်းပေးအပ် သွားမှာ ဖြစ်ပါကြောင်း၊

     မိမိတို့ ဝန်ကြီးဌာနအနေနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းရပ်အတွက် ရှေ့လုပ်ငန်းစဉ်များအဖြစ် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေ အတည်ပြုပြီးပါက အသက် အရွယ်အပိုင်းအခြားအလိုက် သက်ကြီးရွယ်အို သက်သေခံကတ်ပြားများ ထုတ်ပေးနိုင်ရေး၊ လူမှု အားမာန်အဖွဲ့များ တိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းထားသည့် သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေကို  ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရနိုင်ဖို့  အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်သော စနစ် တစ်ခု တည်ထောင်နိုင်ရေးတို့  ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းအစီအစဉ်များ ကို မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ၏ ဦးဆောင်မှုဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအားမာန်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

သက်ကြီးရွယ်အိုအခွင့်အရေးနှင့် ပတ်သက်ပြီး အစိုးရအပါအဝင် လူ့အဖွဲ့အစည်းတစ်ခုလုံးက ဆက်လက်ကြိုးပမ်းပြီး အားထည့်ဆာင်ရွက်သွားဖို့ လိုအပ်သလို သက်ကြီးရွယ်အို(အဘိုးအဘွား)များ အနေဖြင့်လည်း မိမိတို့သည် မိသားစုအတွက်၊  ရပ်ရွာအတွက်၊ နိုင်ငံအတွက်နှင့် လူအဖွဲ့အစည်း တစ်ခုလုံးအတွက် တစ်နည်းနည်းဖြင့် အကျိုးပြုနေသေးကြောင်း ဆက်လက်ပြသရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ဘိုးဘွားများ ဖြတ်သန်းကြုံတွေ့လာခဲ့သည့် ဘဝအတွေ့အကြုံတွေ၊  သင်ခန်းစာ ကျွမ်းကျင်မှုတွေသည် အနာဂတ်မျိုးဆက်သစ်များအတွက် တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များ ဖြစ်ပါကြောင်း၊ ယခုအတွေ့အကြုံ ၊ ကျွမ်းကျင်မှုနှင့်  သင်ခန်းစာများကို မိမိတို့ လက်လှမ်းမီ သလောက် လက်ဆင့်ကမ်းမျှဝေပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအနေနဲ့လည်း သက်ကြီးရွယ်အိုများ ၎င်းတို့၏ အတွေ့အကြုံများ၊ သင်ခန်းစာကျွမ်းကျင်မှုများကို မျှဝေပေးနိုင်ဖို့ အခွင့်အလမ်းများ ဖန်တီးပေးသွားရမည် ဖြစ်ပါ ကြောင်း၊

     သက်ကြီးရွယ်အိုများသည် လေးစားထိုက်၊ ဂုဏ်ပြုထိုက်သူများဖြစ်သဖြင့်  အခမ်းအနားကျင်းပပေးရုံသက်သက်မဟုတ်ပဲ သက်ကြီးရွယ်အိုများ၏ ဘဝအမှန်တကယ် လုံခြုံမှု၊ နွေးထွေးမှုရှိစေရေးနှင့် သက်ကြီးရွယ်အိုများ၏ စွမ်းအားကို နိုင်ငံတော်တည်ဆောက်ရေး ဖြစ်စဉ်မှာ  ထည့်သွင်းအသုံးပြုသွားနိုင်ရေးအတွက်လည်း  အခွင့်အလမ်းဖန်တီးပေးဖို့ ဆောင်ရွက်သွားမှာ  ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် မှတ်တမ်း  video ကို  ပြသခဲ့ပြီး ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားအား နံနက် (၁၀:၄၅) တွင် အဆုံးသတ်ခဲ့ပါသည်။

               အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသည့် အဘိုးအဘွားများ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter