အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားး/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည့်အစီအစဉ်တွင် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်းရှင်းလင်းအစည်းအဝေးပြုလုပ်

နေပြည်တော် ၊ (၄.၁၀.၂၀၂၁) ရက်နေ့
       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာလက်အောက်ရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွင် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို (၄.၁၀.၂၀၂၁)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပြီး နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးဌာန(၃)ခုမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ Virtual ဖြင့် တက်ရောက်ခဲ့ကြပါသည်။
    ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောရာတွင် ဝန်ကြီးဌာနအနေဖြင့်ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားခဲ့သည့်ကာလအတွင်း  စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံမှု(၅)ကြိမ်ပြုလုပ်ခဲ့ပြီး၊ ၎င်းတို့တွေ့ကြုံရသည့် လိုအပ်ချက်အခက်အခဲများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အချိန်မီတင်ပြခြင်း၊ တင်ပြချက်များနှင့် စပ်လျဉ်း၍ ကော်မတီမှ ဖြည့်ဆည်းပေးခြင်းများကို စေတနာ့ဝန်ထမ်းများထံ ပြန်လည်အသိပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးများမှ ခရိုင်၊ မြို့နယ်အဆင့်ထိ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းမှာ ဇွန်လဆန်းပိုင်းမှစတင်၍ ဇူလိုင်လ တတိယပတ်တွင် အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း၊ ယခုချိန်တွင် ကူးစက်နှုန်းမှာ (၁၀) ရာခိုင်နှုန်းအောက်လျော့နည်းသွားပြီ ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများနှင့် မိမိတို့ဝန်ထမ်းများအနေဖြင့် ကျရာအခန်းကဏ္ဍမှ ပြည်သူလူထုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်၍သာ ယခုကဲ့သို့ ကူးစက်နှုန်းကျဆင်းခြင်း ဖြစ်ပါကြောင်း၊ စတုတ္ထလှိုင်းမဖြစ်ပေါ်စေရန်အတွက် ကာကွယ်ဆေးထိုးခြင်းမှာ အရေးကြီးသည့်အတွက် နိုင်ငံတော်မှ အကုန်အကျခံ၍ ကာကွယ်ဆေးများဝယ်ယူကာ ထိုးနှံပေးလျက်ရှိပါကြောင်း၊ စက်တင်ဘာ(၂၀/၂၁/၂၂) ရက်နေ့များတွင်  စေတနာ့ဝန်ထမ်း များနှင့်ထပ်မံတွေ့ဆုံ၍ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အနေဖြင့် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်လျက်ရှိရာတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အသက် (၁၂) နှစ်မှစတင်၍ (၁၈) နှစ်အထိ သီးသန့်စီမံချက်ဖြင့် ကာကွယ်ဆေးထိုးနိုင်ရေး ဆောင်ရွက်ထားပါကြောင်း၊ သက် ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ထိ တာဝန်ရှိသူများမှ ပူးပေါင်းပါဝင်၍ စီမံချက်အတိုင်းဆောင်ရွက်ကြပါရန်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြပါရန်နှင့် လုပ်ငန်းစီမံချက်များကို မိမိတို့၏ ခရိုင်၊ မြို့နယ်များအား ထပ်ဆင့်ရှင်းလင်းပြီး ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက စေတနာ့ဝန်ထမ်းများနှင့် ပတ်သက်၍ တင်ပြချက်များ၊ ပံ့ပိုးမှုများ၊ ယုံကြည်မှု တည်ဆောက်ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စေတနာ့ဝန်ထမ်းများမှာ အခကြေးငွေ မယူဘဲ မြင့်မြတ်စွာ လုပ်ဆောင်နေခြင်းဖြစ်၍ ၎င်းတို့၏ မွန်မြတ်သောလုပ်ရပ်အတွက် မိမိတို့ ဝန်ထမ်းများအနေဖြင့် အလေးထားလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းနှင့် ပြည်သူများကြားတွင် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်က ရှင်းလင်းတင်ပြရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးစီမံချက်အား ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မိမိတို့မိသားစုဝင်အနာဂတ်ကလေးများအား ကာကွယ်ရန်ဖြစ်၍ မဖြစ် မနေလုပ်ရမည် ဖြစ်ပါကြောင်း၊ မူလတာဝန်များကိုလည်း မမေ့ကြရန်နှင့် မိုးနှောင်းကာလတွင် မိုးများခြင်း၊ မုန်တိုင်းဖြစ်လာပါက မွန်၊ ကရင်၊ တနင်္သာရီနှင့် ပဲခူးတို့တွင်‌ ရေကြီးနိုင်ပြီး လာနီညာအား အမြဲမပြတ် စောင့်ကြည့်လေ့လာရန် လိုအပ်ပါကြောင်း၊ ဖြစ်နိုင်ချေ (၆၀) ရာခိုင်နှုန်း ဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်ပါကြောင်း၊ ငလျင်နှင့်ပတ်သက်၍ ကာကွယ်ရန် ရန်ကုန်၊ မန္တလေး၊ ပဲခူးတို့တွင် ပညာပေးဇာတ်တိုက်ဆောက်ရွက်ရန်၊ ဗီနိုင်းဆောင်ရွက်မှု အခြေအနေများအား တင်ပြရန်နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှလည်း ဝိုင်းဝန်းကူညီရန် တိုက်တွန်းလိုပါကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။
    လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားရာတွင် ကလေးများ၏ ပညာရေးစဉ်ဆက်မပြတ်သင်ကြားနိုင်ရေး ကာကွယ်ဆေးထိုးကြရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်တက်လာပါက ရောဂါဖြစ်ပွားမှုအား ကာကွယ်နိုင်မည်ဖြစ်သဖြင့် အမျိုးသားရေး တာဝန်တစ် ရပ်အနေဖြင့် အားစိုက်ဆောင်ရွက်ရန် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆေးထိုးလွှမ်းခြုံမှုမြင့်တက်လာပါက အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း နှင့် မိမိတို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ထမ်းများမှ စေတနာ့ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး၊ ကျန်းမာရေးတို့နှင့် လက်တွဲညီစွာ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြစေလိုပါကြောင်း၊  လုပ်ငန်းစီမံချက်ဆောင်ရွက်ရန်အဆင့်အား အသေးစိတ် Power Point ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဦးစီးဌာန(၃)ခုမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများမှ ပညာရေးဝန်ကြီး ဌာနလက်အောက်ရှိ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ် သက်သည့် မိမိတို့လုပ်ဆောင်နေသော နယ်ပယ်ကဏ္ဍအသီးသီးတွင် တာဝန်ခွဲဝေ လုပ်ဆောင်နေမှုများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသီးသီး တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter