ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မှုများ အစည်းအဝေးကျင်းပခြင်း

၅.၁၁.၂၀၂၁ နေပြည်တော်

ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မှုများ ဆိုင်ရာအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊   ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မကြာမီကျင်းပရန်ရှိသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် လမ်းပေါ်နေ ကလေးများအား ကာကွယ်စောင့်ရှောက်ရေး စီမံချက်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊   မြန်မာ နိုင်ငံသည်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် (Optional Protocol on the Involvement of Children in Armed Conflict-OPAC)ကို လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ပါကြောင်း၊ OPAC တွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအား အသုံးပြုမှုအား အကာအကွယ်ပေးရေးနှင့်ပတ်သက်ပြီး နိုင်ငံတော် အနေဖြင့် တားဆီးဆောင်ရွက်ရမည့် ကြီးလေးသော ချိုးဖောက်မှု(Six Grave Violations) ပါ သတ်မှတ်ချက်(၆)ချက်ရှိပါကြောင်း၊  အဆိုပါ တားမြစ်ချက်ပါအချက်များနှင့်ပတ်သက်၍ အသိ ပညာပေးခြင်း၊ ကာကွယ်တားဆီးခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများအား ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုအောက်တွင်   ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအား   ပြင်ဆင်ဖွဲ့ စည်းခဲ့ပြီး အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရေးဆွဲပြီးဖြစ်ပါကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းများကို လည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ကလေးသူငယ်အခွင့် အရေးများနှင့် ပတ်သက်၍ အဓိကဆောင်ရွက်နေသည့်အတွက် သတင်း ထုတ်ပြန်ရာတွင် မှန်ကန်သောအချက်အလက်များ ရရှိရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် ဆက်သွယ်ရယူရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ ကလေးအသက်သည် (၁၈) နှစ်ဖြစ်ပါကြောင်း၊ ကလေးများ၏အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံ ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်စသော အခြေခံအခွင့်အရေးများကို  ပိုမိုအလေးထားဆောင်ရွက်ရန် အတွက်  သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်သော လူသားအရင်းအမြစ်ဖြစ်သည့် ကလေးများ ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊  ကလေးသူငယ်အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ခြင်းသည် လူမှုရေးပဋိပက္ခများအား ဖြေရှင်းပေးခြင်းပင်ဖြစ်ပါကြောင်း၊  UNCRC ပါ အခြေခံမူ(၄)ရပ်သည် ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်မှုအတွက် စံလုပ်ငန်းအစီအစဉ် (Standard Operation Procedure) များဖြစ်ပါကြောင်း၊ ကလေးများ၏ အကောင်းဆုံးအကျိုး စီးပွားသည် နိုင်ငံတော်၏ အကျိုးစီးပွားဖြစ်သည့်အတွက် မိဘရပ်ရွာအသိပညာပေးလုပ်ငန်း များအား ပိုမိုအလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိ မှုအခြေအနေများအား ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ရာ တက် ရောက်လာသူများမှ ရှင်းလင်းတင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter